ဖိလစ်ပိုင်နှင့်ဂျပန် နှစ်ဘက်ပိုင်နက်များကို စစ်ရေးအတွက် အပြန်အလှန်အသုံးပြုခွင့် သဘောတူလက်မှတ်ထိုး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရုကီဟာရနှင့် နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝတို့သည့် ၎င်းတို့နှင့်အဆင့်တူ ဖိလစ်ပိုင်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ ယခုစာချုပ်ဖြစ်သော နှစ်ဘက်အပြန်အလှန် အသုံးပြုခွင့် သဘောတူညီချက်ကို အချောသပ်ခဲ့ကြသည်။

By Admin 08 Jul 2024

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်သည့် ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ဂျပန်တပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်သည့် ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ဂျပန်တပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ကြီးထွားလာသော တရုတ်ရန်စမှုများကို ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နှင့် ဂျပန်တို့ ပူးပေါင်းပြီး အရေးပါသည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရုကီဟာရနှင့် နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝတို့သည့် ၎င်းတို့နှင့်အဆင့်တူ ဖိလစ်ပိုင်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ ယခုစာချုပ်ဖြစ်သော နှစ်ဘက်အပြန်အလှန် အသုံးပြုခွင့် သဘောတူညီချက်ကို အချောသပ်ခဲ့ကြသည်။

ဤသဘောတူညီချက်အရ နှစ်နိုင်ငံသည် မိမိတို့၏ တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးနှင့် အခြားသော စစ်ဆင်ရေးများအတွက် နှစ်ဘက်နယ်မြေပိုင်နက်များသို့ ဝင်ရောက်လှုပ်ရှားမှုများ ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် အမေရိကန်၏ ကာလရှည်မဟာမိတ်များဖြစ်သည်။ အမေရိကန်သည် အဆိုပါဒေသတွင်း တရုတ်၏ စစ်ရေးသြဇာ လွှမ်းမိုး ကြီးထွားလာမှုကို တုံ့ပြန်နိုင်ရန်အတွက် သြစတြေးလျမှသည် ဂျပန်အထိ ချိတ်ဆက်ထားသည့် မဟာမိတ်များနှင့် ဆက်ဆံရေး ပိုမိုအားကောင်းရန် ကြိုးပမ်းလျက်ရှိသည်။

အခြားတဘက်တွင်လည်း တရုတ်တို့က အမေရိကန်သည် နေတိုးကဲ့သို့ ပုံစံတူ အုပ်စုဖွဲ့မှုတစ်ရပ်ကို အာရှပစိဖိတ်တွင် ဖန်တီးနိုင်အောင် ကြိုးစားနေသည်ဟု စွပ်စွဲပြောကြားထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ မဟာဗျူဟာမြောက် ရေပြင်တစ်ခွင်လုံးအား ၎င်း၏ပိုက်နက်အဖြစ် သတ်မှတ်ထားခြင်းကို ပိုမိုဖိအားပေးသည့် လုပ်ရပ်များ ပြုလုပ်လာလျက်ရှိကာ အဆိုပါရေပြင်၌ တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။

ပြီးခဲ့သော ဇွန် ၁၇ ရက်နေ့ကလည်း တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် ဖိလစ်ပိုင်ရေတပ်ယာဉ် သုံးစီးကို ဝိုင်းပြီး တုတ်၊ ဓား၊ ပေါက်ဆိန်များဖြင့် ဝှေ့ယမ်းကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း ဖိလစ်ပိုင်သင်္ဘောသား တစ်ဦး၏ လက်ချောင်း ပြတ်သွားခဲ့ကြောင်း ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ခဲ့သည်။

တိုကျိုနှင့် ဘေဂျင်းတို့သည်လည်း အရှေ့တရုတ်ပင်လယ်ပြင်တွင် ဂျပန်ထိန်းချုပ်ထားသည့် ကျွန်းများနှင့် ပတ်သက်ပြီး ပိုင်နက်အငြင်းပွားမှုများ ဖြစ်လျက်ရှိသည်။

ဂျပန်သည် နှစ်နိုင်ငံစစ်တပ်များ နှစ်ဘက်နယ်မြေ အပြန်အလှန်အသုံးပြုရေး သဘောတူညီချက်ကို ဗြိတိန်၊ သြစတြေးလျတို့နှင့်လည်း လက်မှတ်ရေးထိုးထားသည်။

ဗီဒီယိုများ