ဘန်ကောက်မြို့အမည်ကို ခရွန်သက်မဟာနာခွန်ဟု တရားဝင် ပြောင်းလဲခေါ်ဆိုမည်

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်မြို့အား ခရွန်သက်မဟာနာခွန်ဟု တရားဝင် အမည်ပြောင်းလဲ ခေါ်ဆိုမည်ဟု ထိုင်းတော်ဝင်အသိုက်အဝန်းဆိုင်ရာရုံး (ORST) က ကြေညာလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

17 Feb 2022

ဓာတ်ပုံ - Wikipedia

DMG ၊ ဖေဖော်ဝါရီ ၁၇

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်မြို့အား ခရွန်သက်မဟာနာခွန်ဟု တရားဝင် အမည်ပြောင်းလဲ ခေါ်ဆိုမည်ဟု ထိုင်းတော်ဝင်အသိုက်အဝန်းဆိုင်ရာရုံး (ORST) က ကြေညာလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရားဝင်အမည် ပြောင်းလိုက်သော်လည်း လက်ရှိခေါ်ဆိုနေသော ‘ဘန်ကောက်’ အမည်ကိုလည်း ဆက်လက် အသိအမှတ်ပြုသွားမည် ဖြစ်သည်။

နိုင်ငံများ၊ နယ်မြေပိုင်နက်များ၊ အုပ်ချုပ်ရေးခရိုင်များနှင့် မြို့တော်အမည်များကို ORST မှ အဆိုပြုလာသည့်အတိုင်း ထိုင်းဝန်ကြီးချုပ်ရုံးမှ မူကြမ်းကြေညာချက်ကို ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

တရားဝင်အမည်သစ် ‘ခရွန်သက်မဟာနာခွန်’ ကို ဥပဒေမူကြမ်းစစ်ဆေးရေး ကော်မတီမှ မစိစစ်ရသေးမီ အသုံးပြုဦးမည်မဟုတ်ပေ။ အစိုးရအဖွဲ့ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လေ့လာစိစစ်ချက်များကိုပါ ထည့်သွင်းစဉ်းစားပေးရန် ကော်မတီကို ပြောကြားထားသည်။

ထိုင်းအစိုးရ အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့တွင် ပြုလုပ်သည့် အပတ်စဉ်အစည်းဝေး၌ အတည်ပြုခဲ့သော ယခုကြေညာချက်တွင် လက်ရှိအခြေအနေများနှင့်အညီ အသစ်ဖြည့်စွက် ပြင်ဆင်လိုက်သော နိုင်ငံစာလုံးပေါင်းများ၊ နယ်မြေပိုင်နက်များ၊ အုပ်ချုပ်ရေးခရိုင်များနှင့် မြို့တော်အမည်များ ပါဝင်သည်။

အသစ်ပြင်ဆင်ချက်၌ အီတလီ၏ မြို့တော်စားလုံးပေါင်း ရုမ်း နှင့် ရောမ၊ မြန်မာနိုင်ငံ၏ မြို့တော်အား ရန်ကုန်မှ နေပြည်တော်အဖြစ် ပြောင်းလဲမှု၊ နီပေါဘုရင့်နိုင်ငံအား နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခေါ်ဆိုမှုတို့လည်း ပါဝင်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။