လာဘ်စားမှုဖြင့် အကျဉ်းကျနေသော တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်

အကျင့်ပျက်ခြစားမှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံနေရသော တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း တောင်ကိုရီးယား တရားစီရင်ရေးဝန်ကြီးက သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံတော်စည်းလုံးညီညွတ်ရေး အကျိုးအမြတ် အတွက်ဖြစ်သည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

25 Dec 2021

လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု တိုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော တောင်သမ္မတဟောင်း ပက်ဂွမ်ဟေး။ (ဓာတ်ပုံ - AFP)

DMG ၊ ဒီဇင်ဘာ ၂၆

အကျင့်ပျက်ခြစားမှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံနေရသော တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း တောင်ကိုရီးယား တရားစီရင်ရေးဝန်ကြီးက သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံတော်စည်းလုံးညီညွတ်ရေး အကျိုးအမြတ် အတွက်ဖြစ်သည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပက်ဂွမ်ဟေးသည် ၂၀၁၃ ခုနှစ်တွင်  တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခဲ့ပြီး အဂတိမလိုက်စားသော မည်သူ့ကိုမှ ဘက်လိုက်ခြင်းမရှိသော နိုင်ငံ၏ သမီးတော် အဖြစ် မိမိကိုယ်ကို ကြွေးကြော်ခဲ့သည်။

၄ နှစ်ခန့်ကြာပြီးချိန်တွင် အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်သော မကောင်းသတင်းဆိုး တစ်ခုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှု အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် သူမသည် အဆိုပါ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ဖြုတ်ချခံခဲ့ရသည်။

သောကြာနေ့တွင် တရားစီရင်ရေး ဝန်ကြီး ပက်ဘုံဂီက သတင်းသမားများအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ စာရင်းတွင် ခေါင်းဆောင်ဟောင်း ပါဝင်ကြောင်းနှင့် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော် စည်းလုံးညီညွတ်ရေး အကျိုးစီးပွားအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၉ နှစ် ရှိပြီဖြစ်သော ပက်ဂွမ်ဟေးသည် လာဘ်စားမှုနှင့် အာဏာအလွဲသုံးစားမှုအတွက် အနှစ် ၂၀ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ချိုးဖောက်မှုအတွက် ထပ်တိုး ၂ နှစ် ပြစ်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။

ပက်ဂွမ်ဟေးသည် ယခုနှစ်အတွင်း ကြိမ်ဖန်များစွာ ဆေးရုံတင်ခဲ့ရသည်။ သူမ၏ ကျန်းမာရေး အခြေအနေဆိုးဝါးနေမှုက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ဆုံးဖြတ်ချက်အတွက် အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟက် သတင်းအေဂျင်စီက တင်ပြခဲ့သည်။

ပက်ဂွမ်ဟေးနှင့် သူမ၏ရင်းနီးသော သူငယ်ချင်း ချွိုင်ဆုန်းဆီတို့သည် ဆမ်ဆောင်း အီလက်ထရောနစ် အပါအဝင် စီးပွားရေး လုပ်ငန်းစုကြီးများထံမှ လာဘ်လာဘများ လက်ခံကာ အဆိုပါကုမ္ပဏီများအား ဦးစားပေးဆောင်ရွက်စေမှုများ ရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အဆိုပါ အဖြစ်အပျက်သည် တောင်ကိုရီးယားတွင် စီးပွားရေးလုပ်ငန်းကြီးများနှင့် နိုင်ငံရေးနယ်ပယ် အကြားရှိ ရှုပ်ထွေးသော ပတ်သက်မှုများကို  လှစ်ဟပြလျက်ရှိသည်။