တောင်ကိုရီးယားတွင် တစ်ရက်တည်းနှင့် ကိုဗစ်ကူးစက်မှု တစ်သိန်းကျော်အထိ စံချိန်တင်

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုတစ်သိန်းကျော်ရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) က သောကြာနေ့တွင်ပြောကြားလိုက်သည်။

19 Feb 2022

ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၁၉

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုတစ်သိန်းကျော်ရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) က သောကြာနေ့တွင်ပြောကြားလိုက်သည်။

ကြာသပတေးနေ့ ညဉ့်သန်းခေါင်အထိ တရားဝင်မှတ်တမ်းတင်ထားသော ကူးစက်မှုစုစုပေါင်း ၁၀၉၈၃၁ အထိရှိခဲ့သည်ဟု KDCA က ပြောကြားသည်။ ဤအရေအတွက်သည် ကိုဗစ်ကူးစက်မှု စတင်ချိန်တည်းက လက်ရှိအထိ တစ်ရက်အတွင်း အများဆုံးစံချိန်တင်ကူးစက်မှုလည်း ဖြစ်သည်။

တစ်နေ့တာ ကူးစက်မှုအရေအတွက်သည် ယခုထက် နှစ်ဆ သို့မဟုတ် သုံးဆအထိ မြင့်တက်လာနိုင်သေးကြောင်း ပညာရှင်အချို့က ထောက်ပြထားသည်။

အာဏာပိုင်များကမူ ပြင်းထန်လူနာများကို စနစ်တကျ ကုသပေးနိုင်ဆဲဖြစ်သလို သေဆုံးမှုနှုန်းထားသည်လည်း အတိုင်းအတာတစ်ခုအထိနည်းပါးကြောင်း ပြောကြားထားသည်။

ကိုဗစ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ညနေ ၁၀ နာရီ နောက်ဆုံးထားပိတ်သိမ်းရန် ညွှန်ကြားချက်အား ညနေ ၉ နာရီအဖြစ် လျှော့ပေါ့သတ်မှတ်ထားကြောင်း အာဏာပိုင်များက ပြောကြားသည်။

သို့သော်လည်း လူ ၆ ဦးထက် ပိုမစုရန်၊ ပြည်ပမှ ဝင်လာသူများ ရ ရက်တာ ကွာရန်တင်းဝင်ရန်၊ အများပြည်သူသွားလာရာနေရာများတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန်နှင့် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြရန် စသည့်အချက်များကိုမူ ဆက်လက်ကန့်သတ်ထားဆဲ ဖြစ်သည်။

စည်းကမ်းချက်များသည် မတ်လ ၁၃ ရက်နေ့မတိုင်မီအထိ အကျုံးဝင်မည်ဖြစ်သည်။ တောင်ကိုရီးယားတွင် လက်ရှိအချိန်အထိ ကိုဗစ်ကြောင့်သေဆုံးသူစုစုပေါင်း ရ၂၈၃ ဦးရှိကာ ကူးစက်မှုစုစုပေါင်းမှာ ၁.၇ သန်းခွဲခန့်ရှိသည်။

လူဦးရေ ၅၂ သန်းရှိသည့် တောင်ကိုရီးယား၌ ပြည်သူ ၈၆.၂ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကာ ၅၈ ရာခိုင်နှုန်းမှာ ကိုဗစ် ထပ်ဆောင်းအားဖြည့်ဆေးထိုးနှံထားပြီးဖြစ်သည်။