တောင်ကိုရီးယားက မြန်မာအတွက် ကန်ဒေါ်လာကိုးသိန်း ကုလမှတစ်ဆင့်လှူဒါန်း

တောင်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးသို့ အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီထောက်ပံ့ထားကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

By Foreign Desk 17 Jun 2021

ဓာတ်ပုံ - Reuters/Stringer

DMG ၊ ဇွန် ၁၇

တောင်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးသို့ အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီထောက်ပံ့ထားကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ရန်ပုံငွေအဖွဲ့ (MHF) သို့ မြောက်ကိုရီးယားက မေလ ၂၄ ရက်နေ့တွင် ကန်ဒေါ်လာ ၃ သိန်း လှူဒါန်းသည် ဆိုသောသတင်းမှာ မှားယွင်းဖော်ပြမှုဖြစ်ပြီး ယခု ပြန်လည်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

တောင်ကိုရီးယားသည် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ရန်ပုံငွေအဖွဲ့ (MHF) သို့ သီးသန့်လှူဒါန်းငွေ ၆ သိန်းရှိထားပြီး မေလ ၂၄ ရက်နေ့တွင် ထပ်မံလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း MHF ၏ အာရှပစိဖိတ်ဆိုင်ရာ ပြန်ကြားရေးရုံး အကြီးအကဲ Pierre Peron က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသည် မြန်မာအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ကူညီလျက်ရှိသလို မြန်မာနှင့် စစ်ရေးဖလှယ်မှုများကို ရပ်ဆိုင်းထားကာ လက်နက်နှင့် အခြား အရေးပါသော ပစ္စည်းများ ရောင်းချမှုကိုလည်း ဆိုင်းငံ့ထားသည်။

မြန်မာနိုင်ငံသည် ကိုဗစ်ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသလို ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုရ ဖြုတ်ချခံရမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုများနှင့်အတူ အရပ်သားသေဆုံးမှုများလည်း မြင့်တက်လျက်ရှိသဖြင့် ထောက်ပံ့ကူညီမှုများ ပေးအပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၇၆ သန်းခန့် လိုအပ်လျက်ရှိကြောင်း MHF က တောင်းခံထားသည်။