- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်အားပြင်းမုန်တိုင်း ဟိုင်ရှန် ဂျပန်မှ တောင်ကိုရီးယားသို့ ရွှေ့လျားတိုက်ခတ်
ဂျပန်တောင်ပိုင်းကို တနင်္ဂနွေနေ့က အကြီးအကျယ် ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်းမုန်တိုင်းဟိုင်ရှန်သည် တနင်္လာနေ့တွင် တောင်ကိုရီးယားသို့ ဝင်ရောက်တိုက်ခတ်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Sep 2020
ဂျပန်တောင်ပိုင်းကို တနင်္ဂနွေနေ့က အကြီးအကျယ် ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်းမုန်တိုင်းဟိုင်ရှန်သည် တနင်္လာနေ့တွင် တောင်ကိုရီးယားသို့ ဝင်ရောက်တိုက်ခတ်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မုန်တိုင်းဟိုင်ရှန်သည် တောင်ကိုရီးယား တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် အလျင်အမြန် ဝင်ရောက်တိုင်ခတ်ခဲ့ပြီးနောက် အရှေ့ပိုင်း ကမ်းခြေမြို့ဖြစ်သည့် ဆော့ချို ကမ်းလွန်ရေပြင်ကို ဖြတ်ကျော်လျက်ရှိကြောင်း ကိုရီးယား မိုးလေဝသဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။
မုန်တိုင်းကြောင့် အဆောက်အအုံ ပျက်စီးမှုများ ရှိသလို လမ်းများတွင် ရေဖုံးလွှမ်းနေပြီး အိမ်ခြေ ထောင်ပေါင်းများစွာလည်း လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။
တိုင်ဖုန်းမုန်တိုင်း ဟိုင်ရှန်မှာ နံနက်ပိုင်းက တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သော်လည်း လက်ရှိအချိန်၌ အားပျော့နေပြီဖြစ်ကာ တစ်နာရီကို ၆၇ မိုင်နှုန်းဖြင့် တိုက်ခတ်လျက်ရှိသည်။ နောက်ထပ် ၁၂ နာရီအတွင်း အပူပိုင်းမုန်တိုင်း အဆင့်အထိ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။
တရုတ်ဘာသာဖြင့် “ပင်လယ်နတ်ဘုရား” ဟု အဓိပ္ပာယ်ရသည့် မုန်တိုင်း ဟိုင်ရှန်ကြောင့် ဂျပန်တောင်ပိုင်းကျွန်းဆယ် ဂျေဂျုဒေသနှင့် ပြည်မတစ်လျှောက် လေကြောင်းခရီးစဉ်ပေါင်း ရာနှင့်ချီ ဖျက်သိမ်းခဲ့ရသည်။ တံတားနှင့် ရထားလမ်းအချို့ကိုလည်း ပိတ်ထားခဲ့ရပြီး ငါးဖမ်းလှေ ထောင်ပေါင်းများစွာနှင့် သင်္ဘောအများအပြားကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့သည်။ မြေပြိုကျနိုင်ခြေကြောင့် တောင်ပိုင်းနယ်မြေရှိ ဒေသခံ ၁၆၀၀ ထက်မနည်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။
ဂျပန်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများအနက် အိမ်ခြေ ထောင်ဂဏန်းလောက်သာ လျှပ်စစ်မီးပြန်ရပြီး အိမ်ခြေ ၃ သိန်းခွဲနီးပါးမှာ လက်ရှိအချိန်အထိ လျှပ်စစ်မီး မရရှိသေးပေ။
ဂျပန်အစိုးရက တနင်္လာနေ့လယ်ပိုင်းအထိ လူပေါင်း ၄ သန်းနီးပါးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အကြံပြုထားသည်။
မုန်တိုင်းသည် တနင်္လာနှောင်းပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းသို့လည်း ရောက်ရှိနိုင်ကြောင်း ခန့်မှန့်ထားကြသည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်ကလည်း တိုင်ဖုန်းမုန်တိုင်း မေဆက် ဝင်ရောက်တိုက်ခတ်ခဲ့သည်။
မုန်တိုင်းမေဆက် တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူပိုင်အဆောက်အအုံနှင့် လယ်ယာမြေများ ရေလွှမ်းမိုးခံခဲ့ရကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်သည်။ မုန်တိုင်း အပြီးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အဆိုပါဒေသသို့ သွားရောက်ကြည့်ရှုခဲ့ကာ ဒေသဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးကိုလည်း မုန်တိုင်းဒဏ်အတွက် အဆင်သင့်မရှိမှုကြောင့် ရာထူးမှ ဖယ်ရှားခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက ကြေညာခဲ့သည်။