- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
တောင်ကိုရီးယားတွင် တစ်ရက်တည်းနှင့် ကိုဗစ်ကြောင့်သေဆုံးမှု အမြင့်ဆုံးစံချိန်တင်
ကိုဗစ်ကာလအတွင်း တောင်ကိုရီးယားတွင် သေဆုံးမှုအမြင့်ဆုံးအဖြစ် အင်္ဂါနေ့အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၉၄ ဦးအထိ သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အရေးပေါ်ကုသပေးနေရသူလည်း ၉၀၆ ဦးအထိ ရှိနေကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကားပြီး အေပီက ဖော်ပြသည်။
15 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၅
ကိုဗစ်ကာလအတွင်း တောင်ကိုရီးယားတွင် သေဆုံးမှုအမြင့်ဆုံးအဖြစ် အင်္ဂါနေ့အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၉၄ ဦးအထိ သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အရေးပေါ်ကုသပေးနေရသူလည်း ၉၀၆ ဦးအထိ ရှိနေကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကားပြီး အေပီက ဖော်ပြသည်။
တောင်ကိုရီးယားရှိ ဆေးရုံများတွင် ဒဲလ်တာကိုဗစ်မျိုးကွဲ ကူးစက်ခံထားရသူ လူနာများ အပြည့်ရှိနေသလို လူနာခုတင်ရရှိရန် စောင့်ဆိုင်းရင်း သေဆုံးသူများလည်း ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
လတ်တလောတွင် နိုင်ငံ့ကျန်းမာရေးစနစ်၏ အဆုံးစွန်ခံနိုင်အား ပမာဏအထိ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သလို အချင်းချင်းခပ်ခွာခွာနေထိုင်ရေး စည်းကမ်းကို တင်းကြပ်ရန် အစိုးရဘက်က နှောင့်နှေးနေမည်ဆိုပါက သေဆုံးရမှုနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
ဒဲလ်တာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ထိုးဆေး၏ ထိရောက်မှုအာနိသင် လျော့နည်းလာနေချိန်၌ အစိုးရသည် လူထုကျန်းမာရေးထက် စီးပွားရေးကို ဦးစားပေးခဲ့သဖြင့် ယခုကဲ့ အန္တရာယ်ကြုံရသည့် အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောကြားကြသည်။
ယခုလအတွင်း ကူးစက်မှုများ မြင့်တက်လာချိန်၌လည်း အချင်းချင်း ခပ်ခွာခွာနေထိုင်ရေး၊ အုပ်စုလိုက်တွေ့ဆုံမှုများ၊ မြို့ကြီးများ၌ ခုနစ်ဦးနှင့်အထက် လူစုမှုများ၊ စားသောက်ဆိုင်များနှင့် လူစုလူဝေးရှိရာ နေရာများ၌ ကာကွယ်ဆေး ထိုးနှံထားကြောင်း ထောက်ခံချက် ပါရှိမှ ဝင်ခွင့်ပြုရေး စသည်တို့ကို တင်းကြပ်စွာ မကိုင်တွယ်သေးဘဲ စောင့်ဆိုင်းနေခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သောသီတင်းပတ်အတွင်း တောင်ကိုရီးယားတွင် တစ်နေ့တာကူးစက်မှုသည် နေ့စဉ် ၆၀၀၀ ဝန်းကျင်ခန့် ရှိနေခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကူးစက်မှုစုစုပေါင်း ၅၅၆၇ အထိ အတည်ပြုထားသည်။
ဆေးရုံတက်ခွင့်ရရန် စောင့်ဆိုင်းနေရသော လူနာစုစုပေါင်း ၁၄၆၀ ထက်မနည်း ရှိနေပြီး ပြီးခဲ့သောသီတင်းပတ်တွင် ဆေးရုံတက်ရန် စောင့်ဆိုင်းရင်း နေအိမ်၌သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိခဲ့သည်။
တောင်ကိုရီးယားတွင် လူဦးရေ၏ ၈၁ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်သော်လည်း ထပ်ဆောင်းအားဖြည့်ဆေး ထိုးနှံထားသူမှာ ၁၃ ရာခိုင်နှုန်းသာ ရှိသေးသည်။