- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ပြင်သစ်ထံမှ တိုက်လေယာဉ်များ ဝယ်ယူမည့်သဘောတူညီချက် အိန္ဒိယကြေညာ
ဒေါ်လာဘီလံပေါင်းများစွာ တန်ဖိုးရှိသည့် ဂျက်တိုက်လေယာဉ်များ ပြင်သစ်ထံမှ ဝယ်ယူမည့် သဘောတူညီချက် တစ်ရပ်ကို အိန္ဒိယက ဇူလိုင်လ ၁၃ ရက်နေ့တွင် ကြေညာလိုက်သည်။
14 Jul 2023

ဒေါ်လာဘီလံပေါင်းများစွာ တန်ဖိုးရှိသည့် ဂျက်တိုက်လေယာဉ်များ ပြင်သစ်ထံမှ ဝယ်ယူမည့် သဘောတူညီချက် တစ်ရပ်ကို အိန္ဒိယက ဇူလိုင်လ ၁၃ ရက်နေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိန္ဒိယဝန်ကြီးချုပ်နာရင်ဒြာမိုဒီ ပြင်သစ်နိုင်ငံ၌ အထူးဧည့်သည်တော်အဖြစ် ရောက်ရှိနေချိန်၌ ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြင်သစ်ထံမှ နောက်ထပ် Rafale ဂျက်တိုက်လေယာဉ် ၂၆ စင်းနှင့် Scorpene အမျိုးအစား ရေငုပ်သင်္ဘော သုံးစင်း ဝယ်ယူရန် ရည်ရွယ်ထားပြီး စျေးနှုန်းနှင့် အခြားသော စည်းကမ်းချက်များအတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယသည် ပြင်သစ်ထံမှ စစ်လက်နက်ပစ္စည်း အများဆုံးဝယ်ယူနေသည့် နိုင်ငံများတွင် ပါဝင်သည်။ မိုဒီသည် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်သို့ အလည်သွားစဉ်ကလည်း Rafale တိုက်လေယာဉ် ၃၆ စင်းဝယ်ယူခဲ့သည်။ ဤပမာဏသည် ထိုစဉ်က ယူရိုငွေတန်ဖိုးဖြင့် ၄ ဘီလျံခန့်ရှိသည်။
သောကြာနေ့ကျင်းပမည့် ပြင်သစ်အမျိုးသားနေ့တွင် ဝန်ကြီးချုပ်မိုဒီသည် ပြင်သစ်၏ အထူးဧည့်သည်တော်အဖြစ်ဖြင့် ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်နှင့်အတူ ယှဉ်တွဲပြီး ရှိမည်ဖြစ်သလို အဆိုပါပွဲ၏ စစ်ရေးပြအခမ်းအနားတွင်လည်း အိန္ဒိယလေသူရဲများ မောင်းနှင်သည့် Rafale လေယာဉ်အချို့ ပါဝင်မည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ မတူညီသော ရပ်တည်ချက်များ၊ အိန္ဒိယလူ့အခွင့်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေသော်လည်း အာရှဒေသတွင် တရုတ်ကို ပြန်ထိန်းညှိမည့် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံအား အနောက်ဒီမိုကရေစီနိုင်ငံများသည် မျက်နှာသာပေးကာ ဆက်ဆံလျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နိုင်ငံက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို နိုင်ငံတော်အခမ်းအနားဖြင့် ဖိတ်ခေါ်ဧည့်ခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြင်သစ်ကပါ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
မိုဒီသည် သမ္မတမက်ခရွန် ပြင်သစ်တွင် အာဏာရလာသည့် ၂၀၁၇ ခုနှစ်နှစ်နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ လေးကြိမ်အထိ အလည်အပတ် ရောက်ရှိခဲ့ပြီဖြစ်သည်။