ထိုင်းရောက် ဂျပန်ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကိရှိဒသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး မေလ ၂ ရက်နေ့၌ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် တွေ့ဆုံမည်ဖြစ်ကာ စီးပွားရေးဆိုင်ရာကိစ္စရပ်များအပြင် မြန်မာ့အရေးနှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်အရေးတို့ကို ဆွေးနွေးဖွယ်ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

02 May 2022

ဓာတ်ပုံ - AP

DMG ၊ မေ ၂

ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကိရှိဒသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး မေလ ၂ ရက်နေ့၌ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် တွေ့ဆုံမည်ဖြစ်ကာ စီးပွားရေးဆိုင်ရာကိစ္စရပ်များအပြင် မြန်မာ့အရေးနှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်အရေးတို့ကို ဆွေးနွေးဖွယ်ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ကိရှိဒသည် ၎င်း၏ ပြည်ပငါးနိုင်ငံခရီးစဉ်အနက် အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဂျပန်၏ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်အတွင်း ထိုင်းနိုင်ငံအတွက် အရေးပါသည့် စက်မှုလုပ်ငန်းများဖြစ်သည်။ ဂျပန်သည် ထိုင်းတွင် အထူးသဖြင့် ကားစက်ရုံများ လည်ပတ်လျက်ရှိကာ ယခုအခါ လျှပ်စစ်ကားများပါ တိုးချဲ့ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဂျပန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် ထိုင်း၏ အိမ်နီးချင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်ဟု အေပီသတင်းက ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခကို လေ့လာသူအချို့က ပြည်တွင်းစစ်အဖြစ် သတ်မှတ်ထားကြသလို နိုင်ငံတကာ အစိုးရအများအပြားကလည်း ၂၀၂၁ တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြသည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့ကလည်း မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြစ်တင်ဝေဖန်ထားသည်။
မြန်မာစစ်တပ်အား ပျော့ပျောင်းစွာချည်းကပ်သည့် နိုင်ငံများတွင် ထိုင်းနှင့် ဂျပန်တို့လည်းပါဝင်သည်။

ထိုင်းသည် ကိုယ်တိုင်ကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စစ်အုပ်ချုပ်ရေး သမိုင်းကြောင်း ရှိထားသလို မြန်မာနိုင်ငံ၌လည်း စီးပွားရေးလုပ်ငန်း လည်ပတ်မှု အများအပြားရှိသည်။
ဂျပန်သည် မြန်မာစစ်တပ်နှင့် သမိုင်းကြောင်းအရ ဆက်နွယ်မှုများ ရှိထားသည့်နိုင်ငံဖြစ်သည်။

ဝန်ကြီးချုပ်ကိရှိဒသည် ထိုင်းမှတစ်ဆင့် အီတလီနှင့် ယူကေနိုင်ငံများသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။