- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အာဆီယံနိုင်ငံများအား အမေရိကန် တိုက်တွန်း
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့အရေးအတွက် နက်ရှိုင်းစွာ စိုးရိမ်မကင်း ဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး တို့အတွက် အရေးယူ ဆောင်ရွက်ကြရန် အရှေ့တောင်အာရှ နိုင်ငံများအား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ဇူလိုင် ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
14 Jul 2021

DMG ၊ ဇူလိုင် ၁၄
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့အရေးအတွက် နက်ရှိုင်းစွာ စိုးရိမ်မကင်း ဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး တို့အတွက် အရေးယူ ဆောင်ရွက်ကြရန် အရှေ့တောင်အာရှ နိုင်ငံများအား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ဇူလိုင် ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်စဉ် အန်တိုနီဘလင်ကန်က ယခုကဲ့သို့ တိုက်တွန်းကြောင်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ပရိုက်စ်က ပြောသည်။
ဧပြီလအတွင်း သဘောတူခဲ့ကြသည့် အာဆီယံအဖွဲ့ကြီး၏ ဘုံသဘောတူညီချက် ငါးရပ်အား ချက်ချင်း အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန် အန်တိုနီ ဘလင်ကန်က ပြောကြားကြောင်း နက်ပရိုက်စ်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းကို ပြန်လည်ဖော်ဆောင်ရန်လည်း ဝန်ကြီးဘလင်ကန်က တောင်းဆိုလိုက်ကြောင်း နက်ပရိုက်စ်က ပြောကြားသည်။
အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးအား သံတမန်နည်းအရ ကိုယ်တွယ်ဖြေရှင်းရာတွင် အဓိကနေရာမှ ဦးဆောင်ပါဝင်လျက်ရှိသည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးက လက်ကိုင်ပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ်အား ဧပြီလ ၂၄ ရက်နေ့က ကျင်းပသည့် အာဆီယံ အထူးအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤငါးချက်ကို အပြီးအစီး အကောင်အထည်ဖော်ရန် အချိန်သတ်မှတ်ချက် မပါဝင်သလို လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွက် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်နိုင်ခြင်း မရှိသေးပေ။
မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကလည်း ထိုအချက်များကို လိုက်နာ အကောင်အထည်ဖော်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ နေ့စဉ်ရက်ဆက် ဆိုသလို ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း ၉၀၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။