မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အိန္ဒိယစိုးရိမ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စောလျင်စွာ ဆောင်ရွက်ကြရန် တိုက်တွန်း

မြန်မာနိုင်ငံတွင်း၌ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ သက်ရောက်မှုများအပေါ် စိုးရိမ်မှုရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။ 

By Admin 27 Jun 2024

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာဉာဏ် ဂျိုက်ရှန်ကာ။ ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာဉာဏ် ဂျိုက်ရှန်ကာ။ ဓာတ်ပုံ - ရိုက်တာ

မြန်မာနိုင်ငံတွင်း၌ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ သက်ရောက်မှုများအပေါ် စိုးရိမ်မှုရှိကြောင်း ဇွန်လ ၂၆ ရက်နေ့က တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယ၏ လက်ရှိစီမံကိန်းများကို အကာအကွယ်ပေးရေးနှင့် ပတ်သက်၍လည်း အာမခံပေးနိုင်မည့် အနေအထားများကို ရှာဖွေခဲ့သည်ဟု ဝန်ကြီးဂျိုက်ရှန်ကာက ပြောသည်။

“မြန်မာနိုင်ငံထဲမှာနဲ့ မိမိတို့ နယ်စပ်မှာ ဆက်လက်ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေအပေါ် နက်ရှိုင်းစွာ စိုးရိမ်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယဟာ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” ဟု ဝန်ကြီးက အက်စ်ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားထားသည်။

မြန်မာအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စောစောစီစီး ပြန်လည်လျှောက်လှမ်းရန်လည်း တိုက်တွန်းခဲ့သည်ဟုလည်း သူက ဆိုသည်။ စစ်ကောင်စီက ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကောင်မရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့ ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီးနောက်တွင် ဝန်ကြီးဂျိုက်ရှန်ကာက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ အိန္ဒိယအနေဖြင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ကူညီပေးရန် အသင့်ရှိနေသည်ဟုလည်း သူကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံတော်လှန်မှုများ ပေါ်ပေါက်လျက်ရှိသလို စစ်တပ်ကလည်း အဆိုပါ တော်လှန်ရေးလှုပ်ရှားမှုများကို  ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိသည်။ 

အိန္ဒိယသည် လက်ရှိ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းထားသည်။ ထို့အပြင် မြန်မာနိုင်ငံအနောက်ပိုင်းရှိ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း အိန္ဒိယ၏ ရေနက်ဆိပ်ကမ်းနှင့် ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းကြီးတစ်ခု ရှိနေသည်။ အဆိုပါစီမံကိန်း၏ အဓိကကျသည့် ဧရိယာအများအပြားကို အာရက္ခတပ်တော် အေအေက တိုက်ခိုက်သိမ်းပိုက်ထားသဖြင့် အိန္ဒိယသည် စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်နိုင်ဘဲ ဆိုင်းငံ့ထားရသည်။

ဗီဒီယိုများ