- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့သဘောထား တင်းမာလာ
မလေးရှားနိုင်ငံသည် အဖွဲ့တွင်းမှ သိသိသာသာခွဲထွက်ပြီး NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော ပထမဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အကယ်၍ စစ်ကောင်စီအနေဖြင့် သွေးလွှမ်းသောလမ်းကို ဆက်ပြီးလျှောက် လှမ်းနေဦးမည်ဆိုလျှင်တော့ နောက်တက်လာမည့် အာဆီယံဥက္ကဌက ဆိုးရွားသောအဖြစ်အပျက်များကို တိတ်တဆိတ် ရပ်ကြည့်နေလိမ့်မည်တော့ မဟုတ်ပေ။ NUG ကို ဂျကာတာတွင် ရုံးခန်းဖွင့်ခွင့်ပေးကာ စစ်ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လာစေလိမ့်မည်။ စစ်ကောင်စီအား ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့သော ဖိလစ်ပိုင်သည် မလေးရှားနိုင်ငံ၏ ချဉ်းကပ်မှုအတိုင်း လိုက်ပါဆောင်ရွက်မည့် နောက်ထပ်အာဆီယံနိုင်ငံ ဖြစ်လာနိုင်ပေသည်။
20 Aug 2022
DMG ၊ ဩဂုတ် ၂၀
(ဘာသာပြန်ဆောင်းပါး)
အလုပ်မဖြစ်သော နေပြည်တော်၏ ဆိုးရွားသောသဘောထားတင်းမာမှုကြောင့် အာဆီယံ၏အဓိကကျသော အဖွဲ့ဝင်နိုင်ငံများကြား စိတ်ပျက်စရာများ တိုးပွားလာနေသည်။ ယခုနှစ် ဖနွမ်ပင်တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းက လွှမ်းမိုးထားခဲ့သည်။
\ယခုနှစ်ထုတ်ပြန်သော အာဆီယံ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်၌ ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်ကျင်းပခဲ့သော အထူးထိပ်သီးအစည်းအဝေးတွင် သဘောတူညီထားခဲ့သော အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခဲ့ပါလျှင် စစ်ကောင်စီကို ဆန့်ကျင်သောဆောင်ရွက်မှုအသစ်များ ရှိလာလိမ့်မည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စစ်အာဏာရှင်တို့အား ပြင်းပြင်းထန်ထန် သတိပေးချက်ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ပူးတွဲကြေညာချက်သည် အနှစ်သာရနှင့် အတိုင်းအတာအားဖြင့် ထူးဆန်းနေပါသည်။
ပထမဆုံးအချက်အနေဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို မကြာသေးခင်က ကွပ်မျက်သတ်ဖြတ်ခဲ့ ခြင်းအပေါ် အာဆီယံဝန်ကြီးများအနေဖြင့် အလွန်ကို အလေးအနက်ထားခဲ့ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ကတော့ မြန်မာနိုင်ငံကို ပြတ်သားစွာရှုတ်ချရန် သို့မဟုတ် စစ်အာဏာရှင်အုပ်စုကို ဆိုင်းငံ့ထားရန်အထိပင် ဆန္ဒရှိနေကြသည်။ ဆိုလိုသည်မှာ စစ်အုပ်စုနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်လိုခြင်း ဖြစ်လေသည်။
လက်ရှိ အာဆီယံဥက္ကဌ ကိုယ်တိုင်ကပင် ကွပ်မျက်ခြင်းမပြုရန် အလေးအနက်ထားပြီး ပန်ကြားခဲ့သော်လည်း နှစ်ပတ်လည်းအစည်းအဝေး မကျင်းပခင်တစ်ပတ်အလိုမှာပင် ကွပ်မျက်ခြင်းအား ဆောင်ရွက်ခဲ့သဖြင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ပျက်ပြားသွားစေခဲ့သည်ဟု အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ခံစားခဲ့ကြရသည်။
သေဒဏ်ချမှတ်မှု များသည် ဆိုးရွားသောဆုတ်ယုတ်မှုကို ဖန်တီးပေးခဲ့ပြီး အာဆီယံဥက္ကဌ၏ ကြိုးပမ်းအားထုတ်မှုများကို လိုက်နာ ဆောင်ရွက်ပေးရန် စစ်ကောင်စီခေါင်းဆောင်တွင် ဆန္ဒလုံးဝမရှိသည်ကို ပြသနေသောကြောင့် လက်ခံနိုင်စရာမရှိသော ဆိုးဆိုးရွားရွား အပြစ်တင်ရှုတ်ချထိုက်မှု ဖြစ်သည်။
အာဆီယံခေါင်းဆောင်များ တစ်ဦးချင်းအနေအားဖြင့်လည်း ကွပ် မျက်ခံခဲ့ရသဖြင့် ထိခိုက်နစ်နာခဲ့ကြရသူများအားလုံး၏ မိသားစုဝင်များထံသို့ ၎င်းတို့၏ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုကို ရည်ညွှန်းကြောင်း ဖော်ပြခဲ့ကြပါသည်။
ဖနွမ်ပင်သို့ ရောက်ရှိနေကြသော အာဆီယံအကြီးတန်း ခေါင်းဆောင်များသည် အာဏာသိမ်းမြန်မာစစ်ကောင်စီ၏ အချည်းနှီး ဒေါသဖြစ်စရာကောင်းသည့် အပြုအမူများကို ရည်ညွှန်းခေါ်ဆိုနိုင်ရန်အတွက် အားလုံးလက်ခံနိုင်သည့် စကားလုံးအသုံးအနှုံးမျိုးများ ရရှိနိုင်စေရန် ညဉ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် အစည်းအဝေးအပြီးတွင် ထွက်လာလေ့ရှိသော ပူးတွဲကြေညာချက်ကို ယခု ၅၅ ကြိမ်မြောက် အစည်းအဝေးအတွက် ထုတ်ပြန်နိုင်ရန် အချိန်တစ်ရက်မျှ နောက်ကျခဲ့ရသည်။ အာဆီယံခေါင်းဆောင်များ အနေဖြင့် အဆိုပါကိစ္စမျိုး ထပ်မဖြစ်လာစေရန် မျှော်လင့်ကြောင်း ဝန်ကြီးများအစည်းအဝေးတွင် ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် စာမျက်နှာ ၂၉ မျက်နှာပါရှိသော ကြေညာချက်တွင် ဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ မြန်မာစစ်ကောင်စီက လုံလောက်သောလုပ်ဆောင်ချက်များ မရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဘုံသဘောတူညီချက် ၅ ချက်ကို အချိန်နှင့်တပြေးညီ ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရန်အတွက် နေပြည်တော် အာဏာပိုင်များ၏ ကတိကဝတ်ပြုမှု ကင်းမဲ့နေခြင်းနှင့် အကန့်အသတ်ဖြင့်သာ တိုးတက်ခဲ့ခြင်းတို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အလွန်အမင်း စိတ်ပျက်ဝမ်းနည်း ဖြစ်မိရပါသည် ဟု ဖော်ပြထားသည်။
ထိုအသုံးအနှုန်းက မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအတွင်းသို့ ပြန်လည်ရောက်ရှိလာစေရန် အတွက် အထောက် အကူဖြစ်စေမည့်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ကြိုးပမ်းနေသော အာဆီယံဥက္ကဌ ဝန်ကြီးချုပ် ဟွန်ဆန်၏ သဘောထားမှတ်ချက်များကို ထင်ဟပ်နေပါသည်။ နှစ်ပတ်လည်အစည်းအဝေးကို အကဲဖြတ်ရာ၌ စစ်ကောင်စီကို အာဆီယံအသိုက်အမြုံအတွင်းသို့ ပြန်လည်ရောက်ရှိလာစေရန် ၎င်း၏ကြိုးပမ်းမှုများအပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဆီယံဥက္ကဌအနေဖြင့် အလွန်အမင်း စိတ်ပျက်ပုံပေါ်သော်လည်း လက်လျှော့ခြင်းတော့ မရှိသေးပေ။
တတိယအချက်အနေဖြင့်မူ နိုဝင်ဘာ ၁၀ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သော အာဆီယံထိပ်သီးအစည်း အဝေးများ မကျင်းပခင် လာမည့် ၉၅ ရက်အတွင်း တိုးတက်မှု ရှိခြင်း သို့မဟုတ် မရှိခြင်းအပေါ်မူတည်ပြီး မြန်မာ နိုင်ငံအခြေအနေနှင့်ပတ်သက်သော ဆုံးဖြတ်ချက်အသစ်များ ချမှတ်ရန် အာဆီယံခေါင်းဆောင်များအပေါ် တွန်း အားပေးခံရနိုင်ခြေများ ရှိနေသည်။
၎င်းအချက်က မြန်မာနိုင်ငံ၏ အနာဂတ်အခြေအနေများကို ဆုံးဖြတ်ရန် အာဆီယံအတွက် အဆိုးဆုံးအခြေအနေကို ကိုယ်စားပြုနေသည်။ ထို့ကြောင့်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
သိသာထင်ရှားနေသည်မှာ အာဆီယံအစည်းအဝေးများသို့ မြန်မာနိုင်ငံအား ပြန်လည်တက်ရောက်ခွင့်ပြုရာ၌ ဘုံ သဘောတူညီချက် ၅ ချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် တိုးတက်မှုရှိခြင်းက လုံလောက်မှု လည်း ရှိရပေလိမ့်မည်။
ယခုအချိန်မှစ၍ အာဆီယံဥက္ကဌအသစ်ဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က စစ်ကောင်စီ၏ တိုးတက်မှုရှိသော လုပ်ဆောင်ချက်များအပေါ် အကဲဖြတ်ရာ၌ ပို၍ပင် လေးလေးနက်နက် ရှိလာပေလိမ့်မည်။ အဓိကကျသော အဆိုပါ အာဆီယံနှစ်နိုင်ငံက အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အဆင့်အတန်းကို မြှင့်တင်ပေးစေလိုသောဆန္ဒ ရှိကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်သည်။
မလေးရှားနိုင်ငံသည် အဖွဲ့တွင်းမှ သိသိသာသာခွဲထွက်ပြီး NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော ပထမဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အကယ်၍ စစ်ကောင်စီအနေဖြင့် သွေးလွှမ်းသောလမ်းကို ဆက်ပြီးလျှောက် လှမ်းနေဦးမည်ဆိုလျှင်တော့ နောက်တက်လာမည့် အာဆီယံဥက္ကဌက ဆိုးရွားသောအဖြစ်အပျက်များကို တိတ်တဆိတ် ရပ်ကြည့်နေလိမ့်မည်တော့ မဟုတ်ပေ။ NUG ကို ဂျကာတာတွင် ရုံးခန်းဖွင့်ခွင့်ပေးကာ စစ်ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လာစေလိမ့်မည်။ စစ်ကောင်စီအား ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့သော ဖိလစ်ပိုင်သည် မလေးရှားနိုင်ငံ၏ ချဉ်းကပ်မှုအတိုင်း လိုက်ပါဆောင်ရွက်မည့် နောက်ထပ်အာဆီယံနိုင်ငံ ဖြစ်လာနိုင်ပေသည်။
အခြားတစ်ဘက်တွင်မူ အာဆီယံအဖွဲ့ဝင်တချို့ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများက အကယ်၍ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်မည့်အခွင့်အလမ်းများ ရှိနေခဲ့လျှင် စစ်ကောင်စီနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ထားရမည်ဟု ယခုအချိန်ထိ အခိုင်အမာ ပြောဆိုနေကြသေးသည်။
ဤကိစ္စတွင် CLTV ( ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်) ခေါ် ကုန်းတွင်းနိုင်ငံများက စစ်ကောင်စီနှင့်တံခါးများအားလုံး ဆက်ပြီးဖွင့်ထားမှုအပေါ် တူညီစွာ ရပ်တည်နေကြသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် တို့သည်လည်း ဤချဉ်းကပ်နည်းအပေါ် အမြင်ချင်းတူနေကြပါသည်။
ပူးတွဲကြေညာချက်တွင် ဖော်ပြထားသော စစ်ကောင်စီအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရာတွင် အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးပေးဖော်ပြထားသော်လည်း လိုတိုရှင်းသာ ဖော်ပြထားလေသည်။ ပြီးခဲ့သော ၁၆ လတာ ကာလအတွင်း နိုင်ငံအတွင်းအ ခြေအနေများ မတည်မငြိမ်ဖြစ်ခဲ့ကြောင်း စစ်ကောင်စီက စောဒကတက်ထားသည်။ မိမိတို့က တစ်ဘက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော် လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက လိုက်နာရန်ပျက်ကွက်ကြောင်း နေပြည်တော်ကောင်စီက အကြိမ်ကြိမ် ပြောကြား၍သာနေခဲ့သည်။
မျှတမှုရှိစေရန်မှာ ငြိမ်းချမ်းရေးအစီအစဉ်အတွက် ပြီးခဲ့သော ၆ လအတွင်း သေးငယ်သော တိုးတက်မှုတချို့ရှိခဲ့ သည်။ ၎င်းတို့မှာ ဘုံသဘောတူညီချက် ၅ ချက်အနက်မှ နံပတ် ၄ နှင့် ၅ ဖြစ်သည်။ အထူးသဖြင့် သက်ဆိုင်သူများ အားလုံးနှင့် အဆိုပြုထားခဲ့သော အစည်းအဝေးများ နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ကျယ်ပြန့်သော လုပ်ငန်းစီမံမှုများတွင် တိုးတက်မှုအနည်းငယ် ရှိခဲ့ပါသည်။
ကံဆိုးစွာပင် ၎င်းတို့အား အကောင်အထည်ဖော်ရာတွင် ပြည့်စုံလုံလောက်မှု မရှိသေးပေ။ ထို့ကြောင့် မြင်သာထင်သာရှိသော တိုးတက်မှုများကို အကောင်အထည်ဖော်နိုင်ရန် အတွက် အာဆီယံအထူးကိုယ်စားလှယ်သည် စစ်ကောင်စီအာဏာပိုင်များနှင့် နောက်ထပ်တွေ့ဆုံမှုများ ပြုလုပ်လိုကြောင်းကိုသာ ရှင်းပြနေသည်။
ဤအခြေအနေတွင် ထိုင်းနိုင်ငံက ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအားလုံးကို အထူးသံတမန်နှင့် တွေ့ဆုံခွင့်ရရှိစေရန် ကူညီဆောင်ရွက်ပေးသူအဖြစ် ပို၍တက်တက်ကြွကြွ လုပ်ဆောင်ပေးနိုင်ပေလိမ့်မည်။ လိုအပ်ပါက ကာယကံရှင်များအကြား ကနဦးနိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်ကို အာဆီယံဥက္ကဌ၏ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံက အမြန် ဆုံးစတင်နိုင်ရပေမည်။
အမှန်အတိုင်းဆိုရပါက ထိုသို့ အလျင်အမြန်လုပ်ဆောင်နိုင်လျှင် ကာယကံရှင်များအတွက် အဆင်ပြေပေလိမ့်မည်။ မမေ့သင့်သည်မှာ ဖေဖော်ဝါရီအာဏာသိမ်းပြီး နာရီပိုင်းအကြာမှာပဲ မြန်မာအာဏာသိမ်းခေါင်းဆောင်က ၎င်း၏ လုပ်ဖော်ကိုင်ဖက် ထိုင်းဝန်ကြီးချုပ်ကို ၎င်းအားအကူအညီပေးရန် တောင်းခံခဲ့သည့် စာမျက်နှာ ၆ မျက်နှာပါ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။၊ ယခုအချိန်က ထိုစာအတွက် အချိန်ကောင်းပင်။
လာမည့်လဆန်းပိုင်းတွင် အထူးသံတမန်၏ အထူးအရေးကြီးသော ခရီးစဉ်ဖြစ်သည့် နေပြည်တော်သို့ တတိယ အကြိမ် သွားရောက်ရန် စီစဉ်ထားသည်။ ထိုခရီးစဉ်အတွင်း ကာလရှည်ကြာစောင့်မျှော်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ၎င်း၏တောင်းဆိုချက် ပြည့်ဝလာလိမ့်မည်ဟု မျှော်လင့်ထားသည်။ ထို့ပြင် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဖြစ်သော ဒေါက်တာ ရှောင်တာနဲလ်အား လွှတ်ပေးရန် ဟွန်ဆန်၏ အစောပိုင်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း ထိုကြေညာချက်အတွင်း ဖော်ပြထားသည်။
ရှေ့လာမည့် ရက်သတ္တပတ် ၁၀ ပတ်အတွင်း မြန်မာနိုင်ငံအနာဂတ်သည် ချိန်ခွင်လျှာတွင် တွဲခိုလျက်ရှိနေသည်။ အာဆီယံ၏ ၅၅ နှစ်ကြာ သက်တမ်းတလျှောက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအတွက် ဖြည့်ဆည်းပေးရမည့် အခြေအနေများကို အာဆီယံခေါင်းဆောင်များက မည်သည့်အခါတုန်းကမျှ ယခုကဲ့သို့ ချမှတ်ခဲ့ခြင်းမရှိပါ။ စစ်ကောင်စီအနေဖြင့် အဖွဲ့၏ စုပေါင်းဆုံးဖြတ်ချက်ကို လျှော့မတွက်သင့်ပေ။ နောက်ဆုံးတွင်မူ မိသားစုအတွင်းမှ အပယ်ခံတစ်ဦးနှင့် ထိတွေ့ဆက်ဆံ၍ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံသည် အာဆီယံ၏ ယုံကြည်ကိုးစားခံရမှုနှင့် စည်းလုံးညီညွတ်မှုတို့အတွက် ထိရောက်စွာ ဆုံးဖြတ်ချက်ချရမည့် လက်တွေ့အစမ်းသပ်ခံနိုင်ငံ ဖြစ်နေပါသည်။
ကြည်ဖြူစံ
“Bangkok Post” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Kavi Chongkittavorn” ၏ “Asean hardens position on Myanmar” ကိုဆီလျော်အောင်ရေးသားသည်။ ဓာတ်ပုံ - AFP