စစ်ကောင်စီအတွက် ထိုင်းနိုင်ငံမှ လက်နက်တင်ပို့မှု ပြီးခဲ့သည့်နှစ်တွင် နှစ်ဆတိုးလာဟု ကုလပြော

“သေမင်းတမန်ကုန်သွယ်ရေး၊ မြန်မာနိုင်ငံမှ စစ်အစိုးရအား ဘဏ်များနှင့် အစိုးရများက အားပေးအားမြှောက် ပြုလုပ်နေကြပုံ” ဟူသည့် အမည်ဖြင့် အဆိုပါအစီရင်ခံစာအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြုစုကာ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By Admin 27 Jun 2024

စစ်ကောင်စီအတွက် ထိုင်းနိုင်ငံမှ လက်နက်တင်ပို့မှု ပြီးခဲ့သည့်နှစ်တွင် နှစ်ဆတိုးလာဟု ကုလပြော

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လက်နက်များ၊ လက်နက်ဆက်စပ်ပစ္စည်းများ တင်ပို့မှု တန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆမြင့်တက်ခဲ့ပြီး ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

“သေမင်းတမန်ကုန်သွယ်ရေး၊ မြန်မာနိုင်ငံမှ စစ်အစိုးရအား ဘဏ်များနှင့် အစိုးရများက အားပေးအားမြှောက် ပြုလုပ်နေကြပုံ” ဟူသည့် အမည်ဖြင့် အဆိုပါအစီရင်ခံစာအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြုစုကာ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို အထီးကျန်အောင် ကြိုးပမ်းအားထုတ်မှုများသည် အချို့နေရာများ၌ အောင်မြင်မှု ရရှိနေသော်လည်း စစ်အစိုးရသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား စစ်ခင်းရန်အတွက် ငွေကြေးနှင့် လက်နက်များကို ရရှိနေဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

စင်္ကာပူအခြေစိုက် ကုမ္ပဏီများမှ မြန်မာသို့ တင်ပို့မှုများသည် စင်္ကာပူအစိုးရ၏ အားထုတ်ကြိုးပမ်းမှုကြောင့် သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း ထိုနေရာကို ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများက အစားထိုး ဝင်ရောက်သွားသည်ဟု တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၄ ခုနှစ် မတ်လအထိ မြန်မာစစ်ကောင်စီက လက်နက်များ၊ အရပ်ဘက်-စစ်ဘက်သုံး နည်းပညာများ၊ ထုတ်လုပ်ရေး ကိရိယာများနှင့် အခြားပစ္စည်းများ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုးအထိ ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။ ဤပမာဏသည် သူ့ရှေ့နှစ်က တင်သွင်းမှုထက် သုံးပုံတစ်ပုံ လျော့နည်းသွားခြင်း ဖြစ်ကာ စင်္ကာပူအစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကြောင့် ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

စင်္ကာပူမှ မြန်မာနိုင်ငံသို့ တင်ပို့မှုများသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း ၁၁၀ ရှိခဲ့ရာမှ ၂၀၂၃-၂၄ တွင် ဒေါ်လာ ၁၀ သန်းအထိ ကျဆင်းသွားသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

သို့သော်လည်း အဆိုပါနေရာကို ထိုင်းနိုင်ငံက အစားထိုးဝင်ရောက်လာခဲ့သည်။ ထိုင်းတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် လက်နက်များ၊ လက်နက်ဆက်စပ်ပစ္စည်းများကို ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ တင်ပို့ခဲ့သည်။ ရှေ့နှစ်တွင် တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ သန်း ၆၀ ဖိုးသာရှိခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

“အရေးပါသည့် နမူနာတစ်ခုကို ထုတ်ပြန်ရလျှင် ထိုင်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အတွက် လိုအပ်နေသည့် Mi-17 နှင့် Mi-35 ရဟတ်ယာဉ်အပိုပစ္စည်းများကို တင်ပို့သည့် အရင်းအမြစ်များ ဖြစ်လာခဲ့ကာ အဆိုပါပစ္စည်းများကို ယခင်က စင်္ကာပူတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက တင်ပို့ပေးခဲ့ကြခြင်း ဖြစ်သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သရုပ်ဖော်ပုံ - Thai Examiner

DMG သတင်းများကို ကြည့်ရှုရန် >>> 

Telegram: 
t.me/dmgarakannews

YouTube: 
www.youtube.com/@DMGarakannews

Website: 
www.dmgburmese.com/

English Edition >>>

https://www.dmediag.com/

https://x.com/DMGEnglish 

https://www.facebook.com/dmgenglishversion/

ဗီဒီယိုများ