အရှေ့တောင်အာရှနိုင်ငံတွေ မျက်စိကျလာတဲ့ နျူကလီးယားအင်အား (၂)

ဗီယက်နမ်သည် ဆိုလာစွမ်းအင်တွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် လောလောလတ်လတ် ပါဝင်လာသည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားနှင့် နျူကလီးယားစွမ်းအင် သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့သည့် လာအိုနိုင်ငံသည် ရေအားလျှပ်စစ်တင်ပို့သည့် အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

By လင်းခိုင် 03 Sep 2022

ဓာတ်ပုံ - Twitter

အရှေ့တောင်အာရှနိုင်ငံများသည် ဘန်ကောက်စာချုပ်ဖြင့် ခြေချုပ်မိလျက်ရှိသည်။ အချို့ဆိုလျှင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပင် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရှိကြောင်း ထည့်ရေးထားကြသည်။ သို့သော်လည်း ဤအချက်က နိုင်ငံရေးသမားများကို ‘အကယ်၍သာ’ ဆိုသည့် မှန်းဆချက်များ မစဉ်းစားအောင် မတားဆီးနိုင်ပေ။

နျူကလီးယားလက်နက်များအရေးသည် ဘောင်ကျော်နေသည့် မေးခွန်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော်လည်း ဒေသတွင်းအစိုးရများ အားလုံးလိုလိုသည် ယခင်က ၎င်းတို့မနှစ်သက်ခဲ့ကြသည့် အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်အရေးကို ယခုအချိန်၌ ပြန်လှန်စဉ်းစားနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ရုရှား-ယူကရိန်းစစ်ပွဲနှင့်အတူ ကမ္ဘာ့လောင်စာဆီနှင့် ဓာတ်ငွေဈေးနှုန်းများ မတန်တဆ မြင့်တက်လာချိန်၊ ဥတုရာသီပူနွေးလာမှုအပေါ်  အရေးတယူ ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများက ထောက်ခံအားပေးလာကြချိန်၌ ဖြစ်လေသည်။

အရှေ့တောင်အာရှ နိုင်ငံအများအပြားသည် အရပ်ဘက်နျူကလီးယားစွမ်းအင် အစီအစဉ်တစ်ရပ် စတင်ရေးအတွက် တရားဝင်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မည့် အခြေအနေတွင် (သို့မဟုတ်) ထိုအခြေအနေနှင့် အလွန်နီးစပ်သည့် အနေအထားတွင် ရှိနေကြပြီဟု စင်္ကာပူအမျိုးသားတက္ကသိုလ်၏ စွမ်းအင်လေ့လာရေး အင်စတီကျူ့မှ အကြီးတန်း လေ့လာသူ ဖီးလစ်အင်ဒရူးစပစ်က ပြောသည်။

ဖိလစ်ပိုင်ဆိုလျှင် အဆိုပါဆုံးဖြတ်ချ ချမှတ်ပြီးသွားပြီဟုပင် စောဒကတက်နိုင်ကြောင်း သူကဆိုသည်။  သမ္မတဖာဒီနန်မားကို့စ် (အငယ်) က နျူကလီးယားစွမ်းအင် အသုံးပြုရန် ကတိကဝတ်ပြုထားခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများကို ရပ်ဆိုင်းရန် ဆောင်ရွက်လာမှုနှင့်အတူ မားကို့စ်၏ရှေ့သမ္မတ ရိုဒရီဂိုဒူတာတေသည် နိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် နျူကလီးယားစွမ်းအင်ကိုပါ ထည့်သွင်းအသုံးပြုရေး ညွှန်ကြားချက်အမိန့်တစ်ရပ်ကို ၂၀၂၂ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးခဲ့သည်။

ဗီယက်နမ်သည် ၂၀၀၉ ခုနှစ်တွင် နျူကလီးယားဓာတ်ပေါင်းဖို နှစ်လုံးဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ကုန်ကျစရိတ်များကြောင့် အဆိုပါအစီအစဉ်အား ခုနစ်နှစ်အကြာတွင် ချောင်ထိုးလိုက်ရသည်။ ယခုအခါ ဗီယက်နမ်အစိုးရသည် အဆိုပါအစီအစဉ်များကို ရုရှားနှင့် ဂျပန်တို့၏ အကူအညီများဖြင့် ပြန်လည်အသက်သွင်းရန် အကြိတ်အနယ် ဆွေးနွေးနေပြီဖြစ်သည်။

အင်ဒိုနီးရှားနှင့် မလေးရှားတို့သည်လည်း ၎င်းတို့နိုင်ငံများ၏ နျူကလီးယားအနာဂတ်ကို တွက်ဆနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ အင်ဒိုနီးရှားလွှတ်တော်မှ ဥပဒေမူကြမ်းတစ်ရပ်အရ နိုင်ငံ၏ ပထမဆုံး နျူကလီးယားစက်ရုံကို ၂၀၁၅ ခုနှစ်တွင် ရရှိမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ကွာလာလမ်ပူသည် ယခင် မဟာသီယာမိုဟာမက်အစိုးရ လက်ထက်တွင် မနှစ်သက်ခဲ့သော်လည်း ယခုအခါ နျူကလီးယားစွမ်းအင် စက်ရုံတစ်ရုံအတွက် ပိုမို စိတ်အားထက်သန်လာပုံ ပေါ်သည်။

စစ်တပ်လွှမ်းမိုးထားသည့် အစိုးရဖြင့် အုပ်ချုပ်နေသော ထိုင်းနိုင်ငံသည် “ပညာရင်ဆိုင်ရာကျွမ်းကျင်မှု ရှိထားသော်လည်း နျူကလီးယားအရေးတွင် အလွန်တိတ်ဆိတ်နေသည်” ဟု စင်္ကာပူအမျိုးသားတက္ကသိုလ်မှ အင်ဒရူးစပစ်က မှတ်ချက်ပြုသည်။

ကမ္ဘာ့နေရာအများစုတွင်ကဲ့သို့ပင် အရှေ့တောင်အာရှတွင်လည်း နျူကလီးယားသည် ပြန်ပြည့်မြဲစွမ်းအင်အတွက် ပိုကောင်းသော အစားထိုးမှုတစ်ရပ် ဟုတ်၊မဟုတ် ဆိုသည်ကို ငြင်းခုန်နေကြရသည်။ လေ၊ ဆိုလာနှင့် ရေအားလျှပ်စစ်ကိုပဲ ဆက်လုပ်သင့်သလား ဆိုသည်ကို ဆွေးနွေးနေကြရသည်။

ဗီယက်နမ်သည် ဆိုလာစွမ်းအင်တွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် လောလောလတ်လတ် ပါဝင်လာသည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားနှင့် နျူကလီးယားစွမ်းအင် သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့သည့် လာအိုနိုင်ငံသည် ရေအားလျှပ်စစ်တင်ပို့သည့် အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

ယူကေနှင့် ဂျာမနီကဲ့သို့ အခြားသောနမူနာများအပေါ် အခြေခံ၍ကြည့်လျှင် “နိုင်ငံရေးစနစ်၏ သဘောသဘာဝအရ ပြည်သူလူထု၏ အမြင်က အဓိကအခန်းကဏ္ဍတွင် ရှိနေသည့် နိုင်ငံရေးက နျူကလီးယားစွမ်းအင်အရေးအတွက် ဆုံးဖြတ်ချက်များတွင် အကြီးအကျယ် လွှမ်းမိုးနေသည်” ဟု အင်ဒရူးစပစ်က ဆိုသည်။

“ဒါတွေအပြင် စွမ်းအင်လိုအပ်ချက် မြင့်မားလာတာ၊ ဥတုရာသီပြောင်းလဲမှုအပေါ် သဘောပေါက်နားလည်မှုတွေ ပိုအားကောင်းလာတာတွေကြောင့် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ ဒါမှမဟုတ် ဒီထက်ပိုများတဲ့ အရေအတွက်ဟာ လာမယ့်ဆယ်နှစ်အတွင်းမှာ နျူကလီးယားစက်ရုံ တစ်ရုံ သို့မဟုတ် တစ်ရုံထက်ပို ဆောက်လာနိုင်တယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

နျူကလီးယားလမ်းကြောင်းသို့ လျှောက်လှမ်းရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုမှာ ဒေသတွင်း၌ ရှိထားနှင့်ပြီးဖြစ်သည်။ နျူကလီးယားစွမ်းအင်၊ လုံခြုံရေးနှင့် နျူစွန့်ပစ်ပစ္စည်များကို စီမံခန့်ခွဲရေးနယ်ပယ်များတွင် လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ ရှိနေပြီးဖြစ်သည်ဟု ချူပင်က မှတ်ချပြုသည်။

အချို့သည် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင် အေဂျင်စီ (IAEA) တွင် လုပ်ကိုင်နေကြသည်။ မလေးရှား နျူကလီးယားအေဂျင်စီကို ၁၉၇၂ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှစတင်၍ ပူစပါတီထရီဂါ သုတေသနဓာတ်ပေါင်းဖိုကို စီမံခန့်ခွဲခဲ့သည်။

အတားအဆီးတစ်ရပ်ကတော့ ရှိနေသည်။ ကုန်ကျစရိတ်ဖြစ်သည်။ “ဒီနိုင်ငံတွေအားလုံး အကြီးစား နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့ ရှေ့မဆက်နိုင်သေးတဲ့ အဓိကအကြောင်းရင်းက လုံခြုံရေးစိုးရိမ်ပူပန်မှု၊ လောလောလတ်လတ် ကုန်ကျမယ့် ဧရာမကုန်ကျစရိတ်တွေနဲ့ သတ်မှတ်ထားတာထက် ပိုကုန်မယ့်အရေး စတဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတွေဆိုတာ မြင်သာပါတယ်” ဟု အမည်မဖော်လိုသည့် အရှေ့တောင်အာရှရေးရာ သုတေသီတစ်ဦးက ပြောသည်။

“ဒါကိုကြည့်ရင် အရှေ့တောင်အာရှက အစိုးရတွေဟာ အနာဂတ်မျိုးဆက်တွေအတွက် ကျန်ခဲ့မယ့် ပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နျူကလီးယား ကပ်ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား တာဝန်ယူရမယ်မှန်း မြင်လာကြပြီ ဒါမှမဟုတ် သဘောပေါက်ထားပြီလို့ ယူဆလို့ရနိုင်တယ်” ဟု အဆိုပါသုတေသီက ဖြည့်စွက်ပြောကြားသည်။

ဗီယက်နမ်သည် နျူကလီးယားစွမ်းအင်အရေးတွင် ဘဏ္ဍာရေးအခက်အခဲကြောင့် အကြိမ်ရေများစွာ နောက်ပြန်လှည့်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကုန်ကျစရိတ်ခန့်မှန်းချက်က အမေရိကန်ဒေါ်လာ ၁၈ ဘီလျံထိ မြင့်တက်သွားချိန်၌ အစီအစဉ်များကို ဖျက်သိမ်းခဲ့သည်။

ရွေးချယ်၍ရနိုင်သည့် အပြောင်းအလဲတစ်ခုမှာ ရုရှားထံ ခြေဦးလှည့်ရန်ဖြစ်သည်။ ရုရှားအစိုးရပိုင် နျူကလီးယားကုမ္ပဏီတစ်ခုဖြစ်သော ရိုဆာတမ် (Rosatom) သည် မကြာခဏဆိုသလို ဖွံ့ဖြိုးဆဲနိုင်ငံများအား နျူကလီးယားထုတ်လုပ်မှုအတွက် အကူအညီများ ရက်ရက်ရောရော ပေးအပ်လျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် နျူကလီးယားစွမ်းအင် အစီအစဉ်များ မရပ်ဆိုင်းမီက ဗီယက်နမ်သည် ၎င်း၏ ဓာတ်ပေါင်းဖိုကို ရိုဆာတမ်နှင့် ပူးပေါင်းကာ တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ရိုဆာတမ်သည် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်ပါ နျူကလီးယားဆိုင်ရာ အကြံဉာဏ်များ မျှဝေရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လလယ်တွင် မြန်မာစစ်အစိုးရသည် ရိုဆာတမ်နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးခဲ့သည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အသုံးပြုမှုများအတွက် မြန်မာနှင့်ရုရှားအကြား ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် ဇွန်လက ကနဦး သဘောတူညီချက်တစ်ရပ်  လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရိုဆာတမ်နှင့် ထပ်မံသဘောတူလိုက်ခြင်း ဖြစ်သည်။

ယူကရိန်းကျူးကျော်စစ် နောက်ပိုင်းတွင် ရုရှား နျူကလီးယားကုမ္ပဏီများအား အရှေ့တောင်အာရှဒေသက လက်သင့်ခံဦးမည်လား ဆိုသည်ကို လေ့လာသူများက တပ်အပ်မပြောနိုင်ကြပေ။ တစ်ချိန်တည်း၌ မော်စကိုသည်လည်း စစ်အသုံးစရိတ်များ ရှိနေသဖြင့် ယခင်ကကဲ့သို့ အလျှံအပယ် ရက်ရောမှုများဖြင့် ကမ်းလှမ်းနိုင်စွမ်း ရှိချင်မှရှိတော့မည် ဖြစ်သည်။

ဟနွိုင်းသည် တစ်ကျော့ပြန် စတင်နေသည့် နျူကလီးယား အစီအစဉ်များအတွက် ရုရှားထံမှ အကူအညီများ လိုလားခြင်း ရှိ၊မရှိကို နှုတ်ဆိတ်လျက်ရှိသည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည်ကား ဇွန်လနှောင်းပိုင်းက မော်စကိုသို့ အလည်သွားစဉ် နျူကလီးယားအကူအညီများအတွက် ပူတင်နှင့် တောက်လျှောက်ဆိုသလို ဆွေးနွေးခဲ့သည်။ နျူကလီးယားအရေး သဘောတူညီချက် တစ်စုံတစ်ရာ ရနိုင်မည့်အလားအလာမှာမူ ရှင်းရှင်းလင်းလင်း မရှိလှပေ။

လင်းခိုင်
Asia Times တွင်ဖော်ပြထားသည့် ‘To nuke or not to nuke in SE Asia’ ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။