မြန်မာ့နိုင်ငံရေး ပဋိပက္ခထဲက ပြည်တွင်းစစ်အလားအလာ

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရန်မှ အကာအကွယ်ပေးရန်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ပြေးအဖြစ် PDF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

By Foreign Desk 11 Jun 2021

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၁၁
(ဘာသာပြန်ဆောင်းပါး)

ပြီးခဲ့သော သောကြာနေ့က မြန်မာစစ်တပ်၏ အထွေထွေအုပ်ချုပ်ရေးရုံး အနီးတွင် ဗုံးလေးလုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏ ကာလရှည်ကြာ လက်နက်ကိုင်ပဋိပက္ခသည် နယ်စွန်ဒေသများမှ မြို့ပြဧရိယာများဆီ ကူးစက်လာသည်ကို သိသာစွာ မြင်နေရပြီဖြစ်သည်။

ဤပေါက်ကွဲမှုများနှင့်အတူ စစ်ဘက်ဆိုင်ရာ အားနည်းသည့် ပစ်မှတ်များ တိုက်ခိုက်ခံနေရခြင်းကြောင့် မြန်မာ့ပဋိပက္ခသည် ထိန်းမနိုင်သိမ်းမရသည့် ကျရှုံးနိုင်ငံတစ်ခု အဖြစ် ဦးတည်သွားတော့မည်ဟု ယူဆမှုများလည်း လေ့လာသူများထံမှ ထွက်ပေါ်လာသည်။

သို့သော် အခြားတစ်ဘက်တွင်လည်း အလုံးစုံ ပြိုလဲသွားသည့် နိုင်ငံတစ်ခုအဖြစ် ရောက်မသွားအောင် ဟန့်တားထားသည့် အချက်များလည်း ရှိနေသည်။

တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်ကြောင့် ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရသည့် အကြမ်းဖက်မှုများသည် မြို့ပေါ်နေရာများ၌လည်း မြန်မာစစ်တပ်၏ အင်အားသုံးဖြိုခွင်းမှုများနှင့်အတူ အရှိန်မြင့်လာနေသည်။

အချိန်ကာလတစ်ခုအတိ အသင့်အတင့် ငြိမ်သက်နေခဲ့သော ကချင်တွင် မတ်လ ၂၅ ရက်နေ့၌ KIA သည် မြန်မာစစ်တပ် စခန်းချထားသည့် အာလောဘွမ်တောင်ကုန်းကို သိမ်းပိုက်လိုက်သည်။

ဤတိုက်ပွဲမှသည် ကချင်ပြည်နယ် တစ်နံတစ်လျားနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီး တပ်မတော်စခန်းများအား တိုင်းရင်းသား လက်နက်ကိုင်များ တက်ရောက်သိမ်းပိုက်မှုများလည်း ပိုများလာသည်။

နောက်ထပ် ရက်အနည်းငယ် အကြာ၌ ကရင်ပြည်နယ်တွင် KNLA တပ်မဟာ ၅ သည် သံလွင်မြစ်အနီးရှိ မြန်မာစစ်တပ်၏ အရေးပါသော စခန်းတစ်ခုကို သိမ်းပိုက်လိုက်သည်။
KNLA သည် ဖာပွန်မြို့နယ်အတွင်း နောက်ထပ် စခန်း ၂ ခုထက်မနည်း ဆက်လက်သိမ်းပိုက်ခဲ့သည်။ အခြားသော KNLA နယ်မြေများတွင်မူ တိုက်ပွဲ များများစားစား မရှိပေ။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်တပ် (MNDAA) တို့သည်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဆီးရီးယားကဲ့သို့ ဖြစ်လာနိုင်ခြေကို ပိုမိုအလေးသာစေသည့် လုပ်ရပ်များမှာ မြို့ပေါ်မှ ဆန္ဒပြသမားများ ထံမှ ပေါ်ထွက်လာသည့် မြို့ပြအခြေစိုက် တိုက်ခိုက်မှုများဖြစ်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရန်မှ အကာအကွယ်ပေးရန်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ပြေးအဖြစ် PDF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ရက်များတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ဒေသအခြေစိုက် PDF တပ်ဖွဲ့များ ဖွဲ့စည်းကြောင်း ကြေညာချက်များ အသီးသီး ထွက်ပေါ်လာသည်။ တိုင်းရင်းသားနယ်မြေများတွင် ဖွဲ့စည်းမှုများ ရှိသော်လည်း များသောအားဖြင့် PDF များကို ဗမာအများစုရှိရာ ဒေသများတွင် ဖွဲ့စည်းကြခြင်း ဖြစ်သည်။ ထို့ပြင် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ အများအပြားသည်လည်း နယ်စပ်ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) ထံတွင် စစ်သင်တန်း တက်ရောက်သည်များလည်း ရှိသည်။

ဤအခြေအနေများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး သမားများ ပေါင်းစည်းကာ တပ်မတော်ကို ရာသက်ပန် ဖယ်ရှားရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းစစ်တစ်ရပ် ပေါ်ထွက်လာမည့် လက္ခဏာများ ဖြစ်သည်။

သို့သော် ပထဝီအနေအထားအရ ပဋိပက္ခများ ပျံ့နှံ့မှုသည် ပိုမိုကျယ်ပြန့်လာပြီး လက်နက်ကိုင် တိုက်ပွဲဝင်သူ အရေအတွက်ပါ မြင့်တက်လာနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြီးမားသည့်ပဋိပက္ခ ပေါ်ထွက်လာမည်ဟု ယူဆရန် မဖြစ်နိုင်သေးသည့် အကြောင်းရင်းများ အများအပြား ရှိနေဆဲဖြစ်သည်။

အကြောင်းရင်းတစ်ရပ်မှာ တပ်မတော်ကိုယ်တိုင် ဖြစ်သည်။ တပ်မတော်သည် အရပ်သားများကို သတ်ဖြတ်မှုတွင် မကောင်းသတင်း ကျော်ဇောသော်လည်း ကျေးလက်ဧရိယာ အများအပြားတွင် အကန့်အသတ်ဖြင့်သာ တုံ့ပြန်နေဆဲ ဖြစ်သည်။

ဖာပွန်တွင် တပ်မဟာ ၅ ၏ ထိုးစစ်ကို တုံ့ပြန်ရာ၌ တပ်မတော်သည် မြေလှန်ရှင်းလင်းရေး မလုပ်ဘဲ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများသာ ပြုလုပ်ခဲ့သည်။ ကချင်တွင်ဆိုလျှင်လည်း အာလောဘွမ်ကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားရာ၌  လေကြောင်းထိုးစစ်များကို အဓိက ဦးစားပေးလှုပ်ရှားခဲ့သည်။

EAO နှင့် PDF တို့သာ အနောက်မြောက်၊ ကချင်၊ ရှမ်း အရှေ့မြောက်နှင့် ကရင်ပြည်နယ်များတွင် ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်လာပါက တပ်မတော်သည် လာမည့်လများအတွင်း မြေလှန်ရှင်းလင်းရေးဖြင့် တုံ့ပြန်လာနိုင်ခြေ များသည်။

တပ်မတော်ဘက်က အင်အားသုံးလာပါက EAO နှင့် PDF တို့ဘက်ကလည်း ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုများ သေချာပေါက် ထွက်ပေါ်လာမည် ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်သည်ဟူသော အယူအဆသည် ဤအဆင့်ကို ဦးတည် တွက်ချက်နေကြခြင်း ဖြစ်သည်။

သို့သော် EAO များသော်လည်းကောင်း NUG ၏ PDF သော်လည်းကောင်း လက်နက်ခဲယမ်း အလုံအလောက် ရှိဟန်မပေါ်ပေ။ ထို့ပြင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဆင်နွှဲပြီး နယ်စပ်ဖြတ်ကျော် ခိုလှုံနိုင်မည့် ပြည်ပအကူအညီများလည်း ရှိပုံမပေါ်ပေ။

ဓာတ်ပုံ - Reuters

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာ တိုင်းရင်းသားလက်နက်ကိုင်များသည် နိုင်ငံရေး၊ မြေပြင်အခြေအနေနှင့် ထောက်ပံ့ပေးအကူအညီများအတွက် အိမ်နီးချင်းနိုင်ငံများအပေါ် မှီခိုအားထားနိုင်ခဲ့သည်။ ယခုအခါ ထိုအခြေအနေမျိုး မရှိနိုင်တော့ပေ။

ထိုင်းနှင့် တရုတ်တို့သည် မြန်မာ့အရေးကို မီးလောင်ရာလေပင့် လုပ်လိုစိတ် မရှိသလောက် နည်းသွားပြီဖြစ်သည်။ တရုတ်ဆိုလျှင် ရပ်ဝန်းနှင့်လမ်း စီမံကိန်းအပြင် မဟာဗျူဟာအရ အရေးပါသည့် မြန်မာတစ်နိုင်ငံစာ နီးပါး ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့ အကျိုးစီးပွားများ မြန်မာပြည်တွင် ရှိနေသည်။

ထိုင်းနိုင်ငံသည် ၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာ့ တိုင်းရင်းသားလက်နက်ကိုင်များကို ကူညီထောက်ပံ့မှုများ သိသိသာသာ လျှော့ချကာ အစိုးရနှင့် စီးပွားရေးအရ ဆက်ဆံမှုများ တည်ဆောက်ခဲ့သည်။

နယ်စပ်ဒေသ မလုံခြုံမှုကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခြင်း၊ နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေး ရောင်းချမှုများ မြင့်တက်လာမည်ကို ထိုင်းနိုင်ငံက လိုလားမည်မဟုတ်ပေ။ မဲဆောက်တွင် နိုင်ငံရေးအတိုက်အခံ ရုံးများ တစ်ကျော့ပြန် ဖွင့်လှစ်လာခြင်းမျိုး ဖြစ်လာမည်ကိုလည်း လိုလားပုံ မရပေ။

နယ်စပ်တွင် ဤအရေးပါသော နှစ်နိုင်ငံက အသင့်ရှိမနေလျှင် EAOs သို့မဟုတ် NUG-PDF တို့သည် အကူအညီ အထောက်အပံ့များ ရရှိရန် မလွယ်ကူလှပေ။

မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပုန်ကန်မှုများသည် ထိုင်းနှင့် တရုတ်ရှိ လက်နက်မှောင်ခိုဈေးကွက်ကို အကြီးအကျယ် မှီခိုအားထားနေရခြင်း ဖြစ်သည်။ ထိုနိုင်ငံများ၏ နားလည်မှုဖြင့် မျက်ကွယ်ပြုထားခြင်းများ မရှိလျှင် လက်နက်ဝယ်ယူခြင်းသည် အလွန်အမင်း ခက်ခဲလာမည် ဖြစ်သည်။

ကိုယ်ပိုင်ကွန်ရက် မရှိပါက NUG နှင့် PDF တို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များထံမှ ရရှိသော လက်နက်ခဲယမ်းများ သို့မဟုတ် တပ်မတော်ထံမှ သိမ်းပိုက်ရရှိသော လက်နက်များကိုသာ လုံးလုံး မှီခိုနေရမည် ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခ၏ ရေရှည်ပုံစံမှာ ၁၉၈၉ နှင့် ၂၀၁၁ အကြားဖြစ်ပျက်ခဲ့သည့် ပုံစံအတိုင်း ဖြစ်လာနိုင်ခြေသာ ရှိနေပေသည်။

ဤကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့ အများအပြားသည် ထိုအချိန်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။ တစ်ချိန်တည်းတွင် ဆက်လက် တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့များမှာလည်း ပိုမိုသေးငယ်သည့် အုပ်စုများအဖြစ် ကွဲအက်သွားပြီး ထိုင်းနယ်စပ်တစ်လျှောက် ပြန့်ကြဲသွားကြသည်။

ထိုစဉ်က တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း မဟာမိတ်ဖွဲ့မှုသည် အဓိက အဖွဲ့ဝင်များ၏ အပစ်ရပ်မှုများကြောင့် အားပျော့ခဲ့ရသည်။ KIO သည် ၁၉၉၄ တွင် အပစ်ရပ်ပြီး မွန်ပြည်သစ်ပါတီသည် ၁၉၉၅ တွင် အပစ်ရပ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအချိန်တွင် အဓိက တိုက်ခိုက်မှုများ ပြုလုပ်နေသည်မျာ KIO ဖြစ်ပြီး KNU ကမူ တပ်မဟာ ၅ နယ်မြေ ဖာပွန်ကလွှဲလျှင် အပစ်ရပ်မူကို ဆက်လက် စွဲကိုင်ထားဆဲ ဖြစ်သည်။

ထိန်းချုပ်နယ်မြေများ ဘေးချင်းကပ်ရှိနေသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့ အများအပြားသာ အပစ်ရပ်မူကို ဆက်လက်စွဲကိုင်ထားမည် ဆိုပါက အင်အားသေးငယ်သည့် လက်နက်ကိုင်တပ် အများအပြားသည် တိုက်ပွဲဝင်လာမည့်ပုံ မရှိပေ။ အထူးသဖြင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ မွန်၊ ကရင်နီ၊ ကယန်းနှင့် ကရင်အုပ်စုများသည် KNU နှင့် RCSS တို့၏ ကူညီထောက်ပံ့မှုမပါဘဲ လွတ်လပ်စွာ လှုပ်ရှားရန် မလွယ်ကူလှပေ။

KNU နှင့် RCSS နှစ်ဖွဲ့လုံးသည် စစ်တပ်အာဏာသိမ်းမှု၊ ရွေးကောက်ခံအစိုးရအဖွဲ့ကို ဖမ်းဆီးမှု၊ လက်နက်မဲ့ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွင်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်စာ ထုတ်ထားကြသည်။ သူတို့၏ ထိန်းချုပ်နယ်မြေများသို့ ဝင်ရောက်ခိုလှုံလာသူများအား စစ်သင်တန်းများ ပို့ချမှုရှိသော်လည်း ထိုထက်ပို၍ ကြီးကြီးမားမား ပါဝင်ပတ်သက်ခြင်းမျိုး မရှိသေးပေ။

မြန်မာစစ်တပ်အပေါ် EAO များနှင့် PDF တို့၏ အသေးစား ပြောက်ကျားစစ်ဆင်ရေးများကတော့ ရေရှည်ရှိနေနိုင်သည်။ ဤလုပ်ရပ်များနှင့်အတူ ဗုံးခွဲလုပ်ကြံမှုများ၊ မြို့ပြအခြေစိုက် ပြောက်ကျားလှုပ်ရှားမှု ပုံစံများလည်း ရှိလာနိုင်သည်။

ဤလုပ်ရပ်များကြောင့် မြို့ပေါ်ဧရိယာများတွင် တပ်မတော်ဘက်က အစောင့်အကြပ်များ ပိုမိုထူထပ်စွာ ချထားခြင်းမျိုး ရှိလာမည်မှာ သေချာသည်။ သို့သော်လည်း ဆီးရီးယား၊ ဆိုမားလီးယားနှင့် ချေချင်းညှာတို့ကဲ့သို့ မြို့တွင်းလမ်းမများတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လက်နက်ကြီးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးရခြင်းမျိုးတော့ ဖြစ်လာနိုင်ခြေ မရှိပေ။

မြန်မာနိုင်ငံသည် ပဋိပက္ခဖြစ်စဉ်များ၏ ပိုမိုကြမ်းကြုတ်သည့် အဆင့်သို့ ချဉ်းကပ်ကောင်း ချဉ်းကပ်လာနေပြီ ဖြစ်သော်လည်း တပ်မတော်အတွင်း အုပ်စုကွဲမှုများ ဖြစ်လာနိုင်ခြေ မရှိသလို EAOs နှင့် NUG-PDF တို့တွင်လည်း လက်နက်ခဲယမ်း အသုံးပြုနိုင်စွမ်းမှာ အကန့်အသတ်နှင့်သာ ရှိနေသည်။ သို့အတွက်ကြောင့် မြန်မာ့ပြည်တွင်းစစ်သည် အကန့်အသတ်တစ်ခု အတွင်းမှသာ ကူးစက်လောင်ကျွမ်းမည် ဖြစ်သည်။

ရည်ညွှန်း - ‘Why Myanmar’s civil war won’t be like Syria’s’ by Brian McCartan, ASIA TIMES