NUG၊ CRPH နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တွေမြို့မှ သံဃာတစ်ပါးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၀ နာရီချိန်က သရက်အုပ်ဘုန်းတော်ကြီးကျောင်းသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်လာပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဆရာတော်နှင့် စစ်ဘေးရှောင် ၁၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။ 

By Admin 24 Nov 2023

ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သရက်အုပ်ဆရာတော်။  
ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သရက်အုပ်ဆရာတော်။  

DMG ၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ တေဇာရာမ(သရက်အုပ်)ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးကို NUG၊ CRPH နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်အရေးယူထားသည်ဟု ယနေ့ နိုဝင်ဘာ ၂၄ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

“သရက်အုပ်ဆရာတော် ဦးဥူးကောဝိဒ(ခ) ငြိမ်းချမ်းဝင်းသည် ၎င်းအသုံးပြုသည့် “Ashin Kor Wae Da” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အရေးအသားများ ရေးသားဖော်ပြခဲ့သည့်အတွက် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခြင်း” ဟု စစ်ကောင်စီက ဆိုသည်။  

သရက်အုပ်ဆရာတော်နှင့် နီးစပ်သူတစ်ဦးက “အဲဒီဦးဇင်း Facebook မှာတင်တဲ့ စာကြောင်းဆိုတာကလည်း ပြည်သူတွေသတိထားအောင် သတိပေးတာပဲ ရှိပါတယ်။ အဲဒီလောက်ထိလည်း အပြစ်မရှိပါဘူး။ အဲဒါကို အမှုဖွင့်ပြီး စွဲချက်တင်ထားတယ်။ လောလောဆယ်တော့ သူနဲ့ တွေ့ခွင့်မရသေးပါဘူး” ဟု ပြောသည်။  

နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၀ နာရီချိန်က သရက်အုပ်ဘုန်းတော်ကြီးကျောင်းသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်လာပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဆရာတော်နှင့် စစ်ဘေးရှောင် ၁၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။ 

ယင်းနောက် စစ်ဘေးရှောင် ၁၇ ဦးကို ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်သည်ဟုဆိုကာ တစ်ဦးလျှင် ဒဏ်ငွေ ၅,၀၀၀ ကျပ်ရိုက်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လွတ်ပေးခဲ့သော်လည်း သရက်အုပ်ဆရာတော်ကို ဆက်လက်ဖမ်းဆီးထားပြီး ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။  

လွတ်မြောက်လာသည့် စစ်ဘေးရှောင် မိသားစုဝင်တစ်ဦးက “ပြည်သူတွေကို ဧည့်စာရင်းစစ်မယ် ဆိုရင်လည်း အသိပေးထားသင့်တယ်။ အခုက ကြိုတင်ပြောထားတာလည်းမရှိ၊ အုပ်ချုပ်ရေးမှူးလည်းမပါဘဲ ညဉ့်အချိန် ဝင်ရောက်ပြီး စစ်ဆေးတာကတော့ ကြောက်စိတ်တွေ ပိုပြီးဖြစ်ရပါတယ်” ဟု ပြောသည်။ 

စစ်တွေမြို့ရှိ တေဇာရာမ(သရက်အုပ်) ဘုန်းကြီးကျောင်းတွင် ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ မြို့နယ်တို့မှ စစ်ဘေးရှောင် ၁၅၀ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။  

ယခင်ကပင် စစ်ဘေးရှောင်စခန်းရှိ လူဦးရေစာရင်းကို သက်ဆိုင်ရာဌာနများတွင် တင်ပြခြင်းနှင့် ဧည့်စာရင်း တိုင်ကြားမှုများကို ပြုလုပ်ထားပြီဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဦးစံရွှေမောင်ကို NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက အမှုဖွင့်အရေးယူထားသည်။

NUG၊ CRPH တို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ ပြည်သူအနှောင့်အယှက်ဖြစ်စေမည့် လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က)နှင့် ပုဒ်မ- ၅၀၅(က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ- ၃၃(က)တို့ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“စစ်ကောင်စီကတော့ ဒီကာလမှာ ရရင်ရသလို အရေးယူနေမှာပဲ။ ကျနော်တို့ဟာ အရင်စစ်ပွဲကာလကလည်း စစ်ကောင်စီလူဖမ်းပွဲကို ဖြတ်သန်းခဲ့ရပြီ။ ဆက်ပြီးတော့လည်း စစ်ကောင်စီက ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်နေမှာဖြစ်လို့ ကိုယ့်ကိုကိုယ်ပဲ သတိထားနေထိုင်ရမယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ ၂၃ ရက်နေ့ထိ စစ်တွေမြို့မှ အရပ်သားပြည်သူ ၄၆ ဦးအထိ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၂၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။   

#D003 #DMG

ဗီဒီယိုများ