နိုင်ငံခြားငွေလဲကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုပ်သိမ်း

ငွေလဲလုပ်ငန်းနှင့်ပတ်သက်၍ စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းများ ဆက်တိုက်ရှိလာသဖြင့် ဒေါ်လာငွေလဲလှယ်ခြင်းများကို ရပ်နားမှုများရှိလာနေသည်။ 

By Admin 16 Aug 2023

ဓာတ်ပုံ - PBS NewsHour
ဓာတ်ပုံ - PBS NewsHour

DMG ၊ သြဂုတ် ၁၆ 

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးနေသည့် ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းလိုင်စင်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် လိုင်စင်ရုပ်သိမ်းခြင်းဟု ဆိုသည်။ 

လိုင်စင်ရုပ်သိမ်းခံရသောသော ကုမ္ပဏီများမှာ Prime Residence Co.Ltd၊ West Line Co.Ltd ၊ IMA Co.Ltd၊ Great Father Great Sons General Trading Co.ltd၊ Glod Foil Co.Ltd ၊ Big Lion Gems Co.Ltd ၊ Global International Invesment & Development Co.Ltd၊ World Fortune International Finance Group Share Co.Ltd စသည်တို့ဖြစ်သည်။ 

ငွေလဲလုပ်ငန်းနှင့်ပတ်သက်၍ စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းများ ဆက်တိုက်ရှိလာသဖြင့် ဒေါ်လာငွေလဲလှယ်ခြင်းများကို ရပ်နားမှုများရှိလာနေသည်။ 

“အခြားငွေကြေးဆိုင်ရာတွေကို လဲလှယ်ရောင်းဝယ်လုပ်ကိုင်ပေးပေမယ့် ဒေါ်လာအရောင်းအဝယ်ကတော့ မလုပ်ဖြစ်ဘူး။ အခြေအနေအကြောင်းကြောင်းကြောင့် ရပ်နားထားတယ်” ဟု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ Money Changer တစ်ခုက ပြောသည်။

မြန်မာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာငွေလဲလှယ်နှုန်းမှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့်ဈေးနှုန်းထက် ထိုးတက်နေသည်။ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် ဈေးနှုန်းသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေးမှာ အေဂျင်စီတစ်ခုချင်းအပေါ်မူတည်ပြီး ၃,၅၈၀ မှ ၃,၈၀၀ ကျပ်အကြား ရှိနေသည်။ 

စစ်ကောင်စီ သတ်မှတ်ထားသော ဒေါ်လာဈေးနှုန်းမှာ ပြင်ပပေါက်ဈေးနှင့် ကိုက်ညီမှုမရှိသဖြင့် တချို့လိုင်စင်ရ ငွေလဲလှယ်သည့် ကုမ္ပဏီများမှာ ဒေါ်လာရောင်းဝယ်မှုကို ရပ်တန့်ထားကြသည်။ 

နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက “ထိုင်းဘတ်တစ်ခုတည်းကိုပဲ ရောင်းဝယ်လုပ်ကိုင်တော့တယ်။ ထိုင်းဘတ်ဈေးလည်း အငြိမ်ကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါ်လာထက်စာရင်တော့ စာရင်းပို့စရာမလိုဘူး” ဟု ပြောသည်။ 

နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးသည့် Money Changer အများစုမှာ ဒေါ်လာဈေးမြင့်တက်ခြင်း၊ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းနှင့် မရောင်းနိုင်သဖြင့် အမေရိကန်ဒေါ်လာမှလွဲ၍ အခြား ဂျပန် ၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ EU ငွေကြေးများကိုသာ ပြောင်းလဲလုပ်ကိုင်နေကြသည်။  

#I004