- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်တွင် ရေကြီးမှုကြောင့် စစ်ဘေးရှောင်နေအိမ် ၄၀၀ နီးပါး ပျက်စီး
ပျက်စီးသွားသည့် နေအိမ်များကို လက်ရှိတွင် ဖြစ်သလိုပြုပြင်နေရပြီး သစ်၊ ဝါး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
10 Aug 2023
DMG ၊ ဩဂုတ် ၁၀
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင်ပြည် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ် ၃၇၀ ကျော် ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၄၂ ဆောင်၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ၂၀၀ ခန့်နှင့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၃၂ ဆောင် ပျက်စီးသွားခြင်းဖြစ်သည်။
“အဆောင်တွေဟာ အစကတည်းက အိမ်တိုင်တွေ ခိုင်ခန့်မှုမရှိဘူး။ ရေက သုံးရက်လောက်မကျဘဲ ရှိနေတာဆိုတော့ မြေသားတွေကနူးသွားလို့ အိမ်တွေယိုင်သွားတယ်။ ပြီးရင် အဆောင်တွေကိုသွားတဲ့ တံတားတွေလည်း ပျက်စီးသွားတယ်။ အခု ရေတွေပြန်ကျသွားလို့ ရှိတာလေးနဲ့ ပြန်ပြီးပြုပြင်နေတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက ပြောသည်။
ညောင်ချောင်းစခန်းတွင် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းကစပြီး ဒီရေတဖြည်းဖြည်းမြင့်တက်ကာ ရေလွှမ်းမိုးခဲ့သဖြင့် နေအိမ် ၁၄၂ ဆောင်မှာ အိမ်တိုင်များ ယိမ်းယိုင်သွားခဲ့သည်။ ကုလားတန်မြစ်လက်တက် တစ်ခုဖြစ်သည့် သရီချောင်းအနီးက အိမ်ထောင်စု ၆၂၉ စု၊ လူဦးရေ ၂,၉၆၆ ဦးရှိသော ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၆ ပေ ကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ပျက်စီးသွားသည့် နေအိမ်များကို လက်ရှိတွင် ဖြစ်သလိုပြုပြင်နေရပြီး သစ်၊ ဝါး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“နေအိမ်တွေက ယိုင်ပြီး အိမ်နံရံတစ်ခြမ်းက ပျက်စီးသွားတယ်။ အခုလောလောဆယ်တော့ ဖြစ်သလို ဆောက်ထားရတယ်။ ဒါတွေ ပြုပြင်ဖို့အတွက် ဝါးတွေ လိုပါတယ်။ ကျနော်တို့မှာ စားနပ်ရိက္ခာလည်း အဓိက လိုအပ်နေပါတယ်” ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ကိုကျော်မြင့်ချေက ပြောသည်။
မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၈၃ စုနှင့် လူဦးရေ ၂,၈၆၂ ဦးရှိပြီး ရေကြီးမှုကြောင့် နေအိမ် ၂၀၀ ခန့်မှာ အိမ်တိုင်များ ယိမ်းယိုင်ကာ အိမ်နံရံများ ပျက်စီးသွားခဲ့ရသည်။
“နေထိုင်ရတာကအဆင် မပြေရင်လည်း ဖြစ်သလိုနေလို့ရသေးတယ်။ စားရေးသောက်ရေးက သိပ်အခက်ကြုံရပါတယ်။ WFP ကရတဲ့ ပိုက်ဆံကို မိုခါတုန်းက ကြွေးမြီကိုဆပ်၊ အခုရေကြီးတော့ စားရေးသောက်ရေးက လုံးဝမဖူလုံဘူး။ ကျမတို့မှာ အခက်အခဲကပေါင်းစုံပါပဲ” ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်သာနုဖြူက ပြောသည်။
မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေကြီးမှုကြောင့် နေအိမ် ၃၂ ဆောင် ပျက်စီးသွားခဲ့ပြီး ယင်းအထဲမှ နေအိမ် ၂၃ ဆောင်မှာ တစိတ်တပိုင်းပျက်စီးသွားကာ နေအိမ် ၉ ဆောင်မှာ လုံးဝနီးပါးပျက်စီးသွားကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့်နေအိမ်များကို ပြန်လည်ပြုပြင်ရန် အမိုးအကာနှင့် သစ်၊ ဝါးများ လိုအပ်နေကြောင်း မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်ကြားသည်။
“ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်ပြီးပြုလုပ်ဖို့အတွက် အမိုးအကာ၊ သစ်တွေ၊ ဝါးတွေလိုအပ်တယ်။ လက်ရှိမှာ နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေက ဘုန်းတော်ကြီးကျောင်းမှာ နေနေကြတယ်” ဟု ဆရာတော်က မိန့်သည်။
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၄၃ စု၊ လူဦးရေ ၁,၁၇၅ ဦးရှိပြီး လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း အိမ်အနိမ့်ဆောက်ထားသူများမှာ နေထိုင်၍ မရသေးကြောင်း သိရသည်။
ရခိုင်ပြည်တွင် ယခုလဆန်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်ခဲ့မှုများကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် လူဦးရေခုနစ်ထောင်ခန့်မှာ ယာယီ နေရာရွှေ့ပြောင်းခဲ့ရသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “ မိုခါ “ဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် ၊ ဘူးသီးတောင်မြို့နယ်များမှ စစ်ဘေးရှောင်စခန်းရှိ နေအိမ်အများအပြား ပျက်စီးခဲ့သည်။
#I001