ကျောက်တော်နှင့် မင်းပြားတွင် ကျေးရွာ ၅၀ ထက်မနည်း ရေဘေးသင့်နေ

ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်က ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ကျေးရွာ ၅၀ ထက်မနည်း ရေဘေးသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 06 Aug 2023

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ ရေနစ်မြုပ်နေမှုအခြေအနေကို  ယနေ့ ဩဂုတ် ၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ ရေနစ်မြုပ်နေမှုအခြေအနေကို  ယနေ့ ဩဂုတ် ၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၆ 

ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်က ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ကျေးရွာ ၅၀ ထက်မနည်း ရေဘေးသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျောက်တော်မြို့နယ် ကုလားတန်မြစ်၏ လက်တက်များဖြစ်သော သရီချောင်း၊ ယိုးချောင်း၊ ကင်းဇွန်းချောင်း၊ ပီကောက်ချောင်းတို့တွင် ဒီရေတက်ခြင်းနှင့်အတူ တောင်ကျရေများကြောင့် ကျေးရွာ ၃၀ ထက်မနည်းမှာ ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

သရက်တပင်ကျေးရွာသား ဦးဇော်မျိုးချစ်က “ဒီဘက် ရွာဟောင်းပိုင်း တံတားအနီးက လမ်းတွေ၊ နေအိမ်တွေမှာ မနေ့ကတည်းက ရေမြုပ်နေပါတယ်။ ရွာကဈေးလည်း ရေမြုပ်နေပါတယ်။ ဖြစ်နေတာက ၂ ရက်လောက်ရှိပြီ။ လယ်ကွင်းတွေလည်း အကုန်မြုပ်နေပါတယ်။ မြေနိမ့်ပိုင်းမှာ ရေမြုပ်တာ ၃ ပေကနေ ၆ ပေအထိ ရှိတယ်” ဟု ပြောသည်။

ရေကြီးမှုကြောင့် ရွာမပြင်၊ ကျားနက်ကန်၊ လိပ်မ၊ ညောင်ချောင်း၊ သရက်တပင်၊ ကျောက်တလုံး၊ မဟာမုနိ၊ စပါးဆိပ်၊ ညောင်ချောင်း၊ မင်းသားတောင်၊ ပေါက်တော စသည့် ချောင်းကမ်းအနီးရှိ ကျေးရွာတို့မှာ ရေဘေးသင့်နေကြသည်။ 

ညောင်ချောင်းစစ်ဘေးရှောင်စခန်းက လူဦးရေ ၅၀၀ ခန့်မှာလည်း ဘုန်းကြီးကျောင်းနှင့် ရွာထဲရှိအိမ်များသို့ ရွှေ့ပြောင်းထားရကြောင်း ကျေးရွာတာဝန်ရှိသူက ပြောသည်။

“စစ်ဘေးရှောင်ကတော့ လောလောဆယ်မှာ ဘုန်းကြီးကျောင်းကို ပြောင်းထားရတယ်။ တောတောင်တွေကို အဓိကမှီခိုပြီး လုပ်ကိုင်စားသောက်ရတဲ့အတွက် မိုးဆက်ရွာပြီး ရေကလည်းမခမ်းပဲ ဒီအတိုင်းရှိနေမယ်ဆိုရင် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲ ဖြစ်လာနိုင်တယ်” ဟု ညောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအေးက ပြောသည်။

ကုလားတန်မြစ် အနောက်ဘက်ကမ်း ကင်းဇွန်းချောင်းကြောင်းရှိ ကြောင်ဖို၊ အောင်ဇေယျ၊ ကောက်ကျိုက် ဘရာဝါကျေးရွာအုပ်စုတို့တွင်လည်း  ရေ ၃ ပေခန့်ထိ မြင့်တက်နေကြောင်း ကြောင်ဖိုရွာခံ ဦးလှမောင်သိန်းက ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်တွင်လည်း လေးမြို့မြစ်ရေ မြင့်တက်နေပြီး  မိုးရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် မင်းဖူး၊ ကုလားမတောင်၊ ရွှေကျင်၊ ပြင်ယောင်း၊ မင်းဇီ စသည့် ကျေးရွာ ၂၀ ကျော်ခန့်တွင် ရေကြီးမှုဖြစ်ပေါ်နေပြီး အခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများက ပြောသည်။ 

ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်က “ရွာက ထက်ဝက်လောက် ရေနစ်မြုပ်သွားတယ်။ ဒါပေမယ့် အိမ်အခန်းတွေကတော့ အနစ်သေးပါဘူး။ လယ်သမားတွေမှာတော့ စပါးစိုက်ခင်းတွေကတော့ မြုပ်နေတုန်းပဲ။ ရေဒီထက်တက်လာရင်တော့ ရွေ့ပြောင်းဖို့ကျရင် ရွေ့ပြောင်းရမယ့်အနေအထားပါ” ဟု ပြောသည်။

ရေကြီးရေလျှံမှုများကြောင့် လယ်ကွင်းများတွင် ရေဖုံးလွှမ်းနေသဖြင့် စပါးခင်းများ ပျက်စီးသွားမည်ကို လယ်သမားများက စိုးရိမ်နေကြသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကုလားတန်မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၅၅၀ စင်တီမီတာနှင့် လေးမြို့မြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၈၁၀ စင်တီမီတာ ရှိကြောင်း ဖော်ပြသည်။

လတ်တလောတွင် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ရခိုင်ပြည်အတွင်း ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ချက်တွင် တွေ့ရသည်။

#I003