ရခိုင်မြောက်ပိုင်း ရေကြီးမှုတွင် လူသေဆုံးမှုရှိ

ဩဂုတ် ၆ ရက်နေ့က မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ မိသားစုသုံးဦးမှာ သာစည်ကျေးရွာမှ ပြန်လာစဉ် ညနေ ၅ နာရီကျော်တွင် လမ်းခုလတ်၌ ရေစီးနှင့်မျှောပါပြီး နှစ်ဦးမှာ ရေနစ်သေဆုံးသွားကြောင်း ကျေးရွာသားများက ပြောသည်။

By Admin 07 Aug 2023

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ရေနစ်သေဆုံးခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်း။ ဓာတ်ပုံ - ပေးပို့
မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ရေနစ်သေဆုံးခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်း။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၇

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေကာ မြစ်ချောင်းများတွင် ဒီရေမြင့်တက်နေပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဩဂုတ် ၆ ရက်နေ့က မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ မိသားစုသုံးဦးမှာ သာစည်ကျေးရွာမှ ပြန်လာစဉ် ညနေ ၅ နာရီကျော်တွင် လမ်းခုလတ်၌ ရေစီးနှင့်မျှောပါပြီး နှစ်ဦးမှာ ရေနစ်သေဆုံးသွားကြောင်း ကျေးရွာသားများက ပြောသည်။

“သူတို့ သားမိသုံးယောက်က သာစည်ရွာကိုသွားပြီး ပြန်လာချိန် လမ်းမှာ နှစ်ယောက်က ရေနစ်ပြီးဆုံးသွားတာ။ အဲဒီထဲက သားကြီးကတော့ ရေမနစ်လိုက်ဘူး။ သူ့အမေနဲ့ ညီလေး ရေနစ်သွားတာကို ရွာသားတွေကို လာပြောတာ။ အဲဒီလမ်းမှာ ရေပေါက်ခေါင်းရှိတယ်။ ရေပေါက်ခေါင်းက ရေတွေပြည့်လျှံလာပြီး ရေအတက်အကျ ပြင်းပြီးတော့ ရေစီးနဲ့မျောပါပြီး ရေနစ်သွားတာ” ဟု မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ကိုမောင်နှောင်းက ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ အရွယ် ဒေါ်ဝင်းတင်ကြည်နှင့် အသက် ၃ နှစ်အရွယ် သားဖြစ်သူ မောင်မျိုးဝင်းကိုတို့ ဖြစ်ကြသည်။

မင်းပြားမြို့နယ်တွင် လေးမြို့မြစ်ရေမြင့်တက်နေပြီး မိုးရွာသွန်းခြင်းနှင့် တောင်ကျရေကြောင့် မင်းဖူး၊ ကုလားမတောင်၊ ရွှေကျင်၊ ပြင်ယောင်း၊ မင်းဇီ စသည့်ကျေးရွာ ၂၀ ကျော်ရှိ မြေနိမ့်ပိုင်းများတွင် ရေ ၅ ပေခန့်အထိ မြင့်တက်လာနေ၍ စိုးရိမ်မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

“နဂိုရေမျက်နှာပြင်ထက် ၅ ပေ၊ ၆ ပေလောက် မြင့်တက်နေပါတယ်။ မိုးလည်း အခုအထိ အရမ်းရွာနေတယ်။ ရွာထဲမှာ လောင်း(လှေ)နဲ့ သွားနေရတယ်။ ရေက တဖြည်းဖြည်းတိုးလာနေတယ်။ ဒီအတိုင်းဆက်သွားရင် စိုးရိမ်စရာရှိပါတယ်” ဟု မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း ကုလားတန်မြစ်၏ လက်တက်များဖြစ်သော သရီချောင်း၊ ယိုးချောင်း၊ ကင်းဇွန်းချောင်း၊ ပီကောက်ချောင်းတို့တွင် ဒီရေတက်ခြင်းနှင့်အတူ တောင်ကျရေများကြောင့် ကျေးရွာ ၃၀ ထက်မနည်းမှာ ရေကြီးရေလျှံမှုများဖြစ်နေကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ်တွင်လည်း ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသန်းနေမှုကြောင့် ရွှေထွန်းဖြူ၊ စေတီကုန်း၊ မြောင်းဘွေ၊ ပီပင်ရင်း စသည့်ကျေးရွာများတွင် ရေပြည့်ရေလျှံဖြစ်နေကြောင်း သိရသည်။

“ရေက သုံးပေလောက် မြင့်တက်နေတယ်။ ရမ်းချောင်းက ရေမြင့်တက်လာလို့ စစ်ဘေးရှောင်စခန်းတွေလည်း နစ်နေပြီ။ စစ်ဘေးရှောင်တွေ ဘုန်းကြီးကျောင်းကို တက်နေရပါတယ်။ သွားလာလို့လည်း မရဘူး။ ကျနော်တို့စခန်းမှာ စားဝတ်နေရေး အရမ်းကို အကျပ်အတည်းဖြစ်နေပြီ” ဟု မြောက်ဦးမြိုနယ်၊ ပီပင်ရင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသိန်းကျော်မြက ပြောသည်။

လတ်တလော အချိန်ထိ မြို့နယ်အများအပြားတွင် ဒီရေဆက်လက်မြင့်တက်နေပြီး ဒေသခံအချို့မှာ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။ ယင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်တတ်သည့် ဒေသများကို အရေးပေါ်ကယ်ဆယ်ပစ္စည်းများ၊ ဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ပေးရန် လိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

“ဒီလို ရေကြီးနေတဲ့အချိန်မှာ မလိုအပ်ဘဲ အပြင်သို့ထွက်သွားတာတွေ မလုပ်ကြဖို့လိုတယ်။ သတိထားရမှာပေါ့။ အရေးကြီးတဲ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ စုထားဖို့လိုအပ်တယ်” ဟု Mrauk U CSO Network ဥက္ကဌ ဦးဘညွန့်  ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကုလားတန်မြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ကျောက်တော်မြို့နယ်တွင် ၅၅၀ စင်တီမီတာ၊ ပလက်ဝမြို့နယ်တွင် ၁,၆၀၀ နှင့် လေးမြို့မြစ်ရေ၏ စိုးရိမ်ရအမှတ်မှာ မြောက်ဦးမြို့နယ်တွင် ၈၁၀ စင်တီမီတာရှိကြောင်း ဖော်ပြသည်။

လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပြီး ရခိုင်ပြည်အတွင်း ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုး/ဇ/လက ထုတ်ပြန်ထားသည်။

#R005