မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလအသိပေး

အပူချိန်မြင့်တက်ခြင်းကြောင့် ရခိုင်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။

By Admin 27 Apr 2023

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလအသိပေး

DMG ၊ ဧပြီ ၂၇

အပူချိန်မြင့်တက်ခြင်းကြောင့် ရခိုင်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။

တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည် တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်း တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“ဒီအချိန်မှာမိုးရွာရင် လေထုထဲမှာ ဓာတုပစ္စည်းပါဝင်တဲ့အတွက် သတိထားရမယ်။ မိုးရေထဲ ဖိနပ်မပါဘဲ လမ်းလျှောက်ထွက်ရင် မျက်စိနာတာတွေ ဖြစ်တတ်တယ်။ နောက်ပြီး ရေချိုးတာတွေကိုလည်း သတိထားဖို့ လိုအပ်တယ်” ဟု ဦးလှထွန်းက ပြောသည်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအရ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့သည့် မြို့ကြီး ၅ မြို့ရှိနေပြီး ပျှမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ်အကြား အပူချိန်မြင့်တက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုအထိရှိကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာပါက ပြည်တွင်းစစ်ရေးဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများမှာ အခက်အခဲများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။

“အမိုးအကာလည်းမရှိ၊ အားလုံးက စုတ်ပြတ်သတ်နေတော့ တကယ်လို့ လေပြင်းတိုက်ခတ်လာမယ်ဆိုရင် မိုးလုံလေလုံမယ့်နေရာကို ထွက်ပြေးဖို့ပဲရှိတယ်။ နေပူလည်းမနေနိုင်၊ မိုးရွာလည်း မနေနိုင်ဘူး။ ကျနော်တို့က အခက်အခဲအမျိုးမျိုးဒဏ်ကို ခါးစည်းခံနေကြရတာ” ဟု ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီး စစ်ဘေးရှာင်စခန်းမှ ဦးညိုဇံအောင်က ပြောသည်။

ရခိုင်ပြည်က စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်နေကြသည့် နေအိမ်များမှာ နှစ်ကာလရှည်ကြာသည်နှင့်အမျှ ယိုးယွင်းပျက်စီးနေပြီး ပြုပြင်ရုံနှင့်မလုံလောက်ဘဲ အသစ်ဆောက်လုပ်ရမည့် အနေအထားဖြစ်နေသည်။ အကယ်၍ လေပြင်းတိုက်ခတ်ပါက ခိုလှုံရာနေအိမ်များ ပျက်စီးသွားမည့်အရေးကိုလည်း စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် မတ်လအတွင်း အချိန်မခါမဟုတ် မိုးရွာသွန်းပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့မှ စစ်ဘေးရှောင်နေအိမ် ၈၃ လုံး ပြိုလဲပျက်စီးသွားခဲ့ရသည်။

#I001