- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်
မြန်မာနိုင်ငံမှ သိမ်ဇရပ်၊ ဘီလင်း၊ သထုံ၊ ရွှေကျင်၊ တမူးမြို့တို့တွင် ဧပြီလအတွင်းအပူချိန်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
27 Apr 2023
DMG ၊ ဧပြီ ၂၇
မြန်မာနိုင်ငံမှ သိမ်ဇရပ်၊ ဘီလင်း၊ သထုံ၊ ရွှေကျင်၊ တမူးမြို့တို့တွင် ဧပြီလအတွင်းအပူချိန်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယခင်ရှိနှင့်ပြီးသား အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းများကို ကျော်လွန်၍ မွန်ပြည်နယ် သိမ်ဇရပ်၊ ဘီလင်း၊ သထုံ နှင့် ပဲခူးတိုင်း ရွှေကျင်မြို့တို့တွင် ဧပြီလ ၂၅ ရက်နေ့က စံချိန်သစ်တင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
“မွန်ပြည်နယ်က အီကွေတာနဲ့နီးတော့ ပိုပူတယ်။ မနေ့က မြို့လေးမြို့ စံချိန်သစ်တင်တယ်။ အရင် စံချိန်သစ်တင်တဲ့ နောက်တစ်မြို့ကတော့ စစ်ကိုင်းတိုင်းထဲက တမူးမြို့ဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
တမူးမြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၃.၂ ဒီဂရီစင်တီဂရိတ်မှ ဧပြီလ ၁၈ ရက်နေ့တွင် အပူချိန် ၄၃.၈ ထိရှိလာပြီး ဧပြီလ ၂၀ ရက်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၄ ဒီဂရီစင်တီဂရိတ်သို့ မြင့်တက်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သိမ်ဇရပ်မြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၂.၅ ဒီဂရီစင်တီဂရိတ်မှ စံချိန်သစ် ၄၃ ဒီဂရီစင်တီဂရိတ်၊ ဘီလင်းမြို့တွင် ၄၁.၄ ဒီဂရီစင်တီဂရိတ်မှ ၄၁.၇ ဒီဂရီစင်တီဂရိတ်၊ သထုံမြို့တွင် ၄၀.၃ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်၊ ရွှေကျင်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်မှ ၄၂.၇ ဒီဂရီစင်တီဂရိတ်ဖြင့် အသီးသီး စံချိန်သစ်တင်ခဲ့သည်။
သိမ်ဇရပ်မြို့မှ ကိုရဲဝင်းက “မနေ့ကတော့ ၄၃ ဒီဂရီအထိ ပူလိုက်တယ်။ ဒီနေ့တော့ လေနည်းနည်းတိုက်နေတော့ ၄၂ ဒီဂရီလောက်ပဲရှိတယ်။ အပူချိန်မြင့်တော့ အဓိက ရေရှားတာတစ်ခုဖြစ်တယ်” ဟု ပြောသည်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအရ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့သည့် မြို့ ၅ ခုရှိနေပြီး ပျှမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ်အကြား အပူချိန်မြင့်တက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုအထိရှိကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
အပူချိန်မြင့်တက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ နာတာရှည်ရောဂါရှိသူများအပြင် အဝလွန်သူများမှာ ရာသီဥတုပူပြင်းမှုဒဏ်ကို သာမန်လူများထက် ခံနိုင်စွမ်းအားနည်းသည့်အတွက် အထူးဂရုစိုက်ကြရန် ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
#I004