ဒေါ်လာနှင့် နိုင်ငံခြားငွေများကို ၆ လထက်ပိုပြီး ကိုင်ဆောင်ခွင့်အား စစ်ကောင်စီ ပိတ်ပင်

ပြည်တွင်းတွင် နေထိုင်သူတစ်ဦးဦးသည် တရားဝင်နည်းလမ်းဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်သာ လက်ဝယ်တွင် ခြောက်လကိုင်ဆောင်ခွင့် ပြုမည်ဖြစ်ပြီး ခြောက်လကျော်လာပါက ဈေးကွက်ပေါက်ဈေးဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

By Admin 21 Aug 2023

ဓာတ်ပုံ - PBS NewsHour
ဓာတ်ပုံ - PBS NewsHour

DMG ၊ သြဂုတ် ၂၁

ပြည်တွင်းတွင်နေထိုင်ပြီး တရားဝင်နည်းလမ်းဖြင့် ရရှိထားသော အမေရိကန်ဒေါ်လာ ငွေကြေးဖြစ်စေကာမူ ခြောက်လအထိသာ လက်ဝယ်ကိုင်ဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

ထိုအချိန်ကာလထက် ကျော်လွန်ပြီး အသုံးပြုမှုရှိသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ပြည်တွင်းတွင် နေထိုင်သူတစ်ဦးဦးသည် တရားဝင်နည်းလမ်းဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်သာ လက်ဝယ်တွင် ခြောက်လကိုင်ဆောင်ခွင့် ပြုမည်ဖြစ်ပြီး ခြောက်လကျော်လာပါက ဈေးကွက်ပေါက်ဈေးဖြင့် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိသူများထံတွင် လဲလှယ်ရမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

“ဒီထုတ်ပြန်ချက် ထုတ်လိုက်တဲ့အတွက် ကျမတို့တော့ မထိခိုက်ဘူး။ ဒေါ်လာနဲ့ လစာရတယ်ဆိုပေမယ့် သက်ဆိုင်ရာ လုပ်သားငှားရမ်းတဲ့ အဖွဲ့အစည်းက ထိုင်းနိုင်ငံက ဘဏ်မှာ ငွေလွှဲပေးတယ်။ အဲဒီမှာပဲ သွားထုတ်ရတယ်။ ဒေါ်လာ လက်ဝယ်ကိုင်ဆောင်ထားတာ မရှိဘူး” ဟု ပြည်တွင်းတွင် ဒေါ်လာဖြင့် လုပ်ခလစာရနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါ်လာနှင့် ပေးချေနေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ပြည်တွင်းရှိ ဝန်ထမ်းများအတွက် လုပ်ခလစာများကို ထိုင်းနိုင်ငံရှိ ဘဏ်များတွင် ပေးသွင်းထားပြီး ယင်းမှတစ်ဆင့် ထုတ်ယူခြင်းများ ပြုလုပ်ကြသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ သတ်မှတ်ဈေးဖြင့် လဲလှယ်ပါက ငွေဈေး မတည်ငြိမ်မှုကြောင့် နစ်နာမှုများစွာ ရှိသော်လည်း ထိုင်းနိုင်ငံမှတစ်ဆင့် ထုတ်ယူရခြင်းကြောင့် ဆယ်သိန်းလျှင် နှစ်သောင်းကျပ်ခန့်သာရှိ၍ နစ်နာမှု သက်သာကြောင်း သိရသည်။

“ဒေါ်လာရတယ်ဆိုပေမယ့် ဘဏ်ကနေတစ်ဆင့် rate ဖြတ်ပြီးပေးတဲ့အတွက် လက်ထဲ ဒေါ်လာ စုဆောင်းထားနိုင်ခြင်း မရှိဘူး။ အဲဒါကြောင့် ခြောက်လလောက်တောင် လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိဘူး” ဟု နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံက စစ်ကောင်စီ၏ ဘဏ်နှစ်ခုအား စာရင်းပိတ်ခြင်း၊ ၎င်းဘဏ်နှင့်ပတ်သက်သော အခြားသော ပြည်ပနိုင်ငံများရှိ ဘဏ်များကို အရေးယူထားခြင်း၊ မြန်မာကျပ်ငွေ နှစ်သောင်းတန် ထုတ်ဝေခဲ့ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာဈေးများ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေလေးထောင်အထိ ဈေးမြင့်ခဲ့သည်။

ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များသည်လည်း ပို့ကုန်တင်ပို့မှုမှာ ရရှိသည့်ငွေကြေးများကို သက်ဆိုင်ရာဘဏ်တွင် စစ်ကောင်စီမှ သတ်မှတ်ထားသည့် နှုန်းထားဖြင့် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်း ရောင်းချပေးရန်လည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။ ညွှန်ကြားချက်ကို မလိုက်နာသည့် ကုမ္ပဏီများကိုလည်း အရေးယူမှုများ ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီသည် နိုင်ငံတကာငွေပေးချေမှုတွင် ဒေါ်လာလိုအပ်ချက် မြင့်တက်နေပြီး အဆိုပါကိစ္စကို ဖြည့်တင်းရန် လုပ်ငန်းရှင်များတွင်ရှိနေသည့် နိုင်ငံခြားငွေကြေးတွေကို ညွှန်ကြားချက်အမျိုးမျိုးထုတ်ပြီး ကန့်သတ်ရန် ကြိုးစားနေကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

#I004