ဖျာပုံတွင် တရားမဝင် ကျားဖောင်လုပ်ငန်းများ ပြန်လည်ဦးမော့လာနေကြောင်း ဒေသခံများပြော

ဖျာပုံမြို့နယ်ရှိ ဒေါ်ညိမ်း၊ နောက်မီးနှင့် ခါးပြတ် စသည့်ကျေးရွာများတွင် လိုင်စင်မဲ့ ကျားဖောင်လုပ်ငန်း (၁၀၀)ကျော်အထိရှိလာကြောင်း ဖျာပုံမြို့နယ်၊ ကျားပိုက်လုပ်ငန်းရှင် အသင်းဝင်တစ်ဦးက ပြောသည်။

By Admin 29 Aug 2023

ဖျာပုံမြို့နယ်အနီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ကျားဖောင်တစ်ခုကို တွေ့ရစဥ်။/ ဓာတ်ပုံ - ဧရာဝတီ
ဖျာပုံမြို့နယ်အနီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ကျားဖောင်တစ်ခုကို တွေ့ရစဥ်။/ ဓာတ်ပုံ - ဧရာဝတီ

DMG ၊ သြဂုတ် ၂၉

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် လက်ရှိကာလအတွင်း တရားမဝင် ကျားဖောင်လုပ်ငန်း အမြောက်အများရှိလာပြီး လုပ်သားရရှိရေးအတွက် လူကုန်ကူးမှုပုံစံ ကြိုးပမ်းမှုများရှိလာကြောင်း ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ဖျာပုံမြို့နယ်ရှိ ဒေါ်ညိမ်း၊ နောက်မီးနှင့် ခါးပြတ် စသည့်ကျေးရွာများတွင် လိုင်စင်မဲ့ ကျားဖောင်လုပ်ငန်း (၁၀၀)ကျော်အထိရှိလာကြောင်း ဖျာပုံမြို့နယ်၊ ကျားပိုက်လုပ်ငန်းရှင် အသင်းဝင်တစ်ဦးက ပြောသည်။

“အခု နိုင်ငံရေးအခြေအနေမှာ လိုင်စင်မတင်ဘဲနဲ့ ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူ တော်တော်များလာတယ်။ လိုင်စင်မရှိဘဲ ခိုးလုပ်နေတဲ့လုပ်ငန်း တစ်ရာကျော်လောက်ရှိမယ်။ ဒီထက်လည်း များနိုင်တယ်။ ဒါတွေကို ရေလုပ်ငန်းဦးစီးဌာန ဘက်ကလည်း စိစစ်ဖို့ လိုအပ်နေတယ်” ဟု ၄င်းကပြောသည်။

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းမှာ ကျားဖောင်လုပ်ငန်းတွင် ရောင်းစားခံရကာ ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်နောက်ပိုင်း ၂ဝ၂ဝ–၂ဝ၂၁ ခုနှစ် ငါးဖမ်းရာသီတွင် ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရှိသူများကိုသာ ငါးဖမ်းခွင့်ပြုခဲ့သဖြင့် လုပ်ငန်း ၄၀ သာ ကျန်ခဲ့ကြောင်း သိရသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ခွဲကျော်အတွင်း တရားမဝင် ကျားဖောင်လုပ်ငန်းများ ထပ်မံပေါ်ပေါက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

တရားမဝင် ကျားဖောင်လုပ်ငန်းများ ပေါ်ပေါက်လာခြင်းနှင့်အတူ လုပ်ငန်းအတွက်လိုအပ်သည့် လုပ်သားများ ရရှိရန် ပွဲစားများမှတစ်ဆင့် လိမ်လည်စည်းရုံးကာ လုပ်သားစုဆောင်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

“လစာနဲ့ နေစရိတ်၊ စားစရိတ် ငြိမ်းပေးမယ်။ မနစ်နာစေရဘူး။ ဒီလိုမျိုး လိုက်စည်းရုံးကြတာ။ နယ်ဝေးက အလုပ်အကိုင်မပြေတဲ့ သူတွေကတော့ အဆင်ပြေမယ်ထင်ပြီး လာလုပ်ကြတာပဲ။ ကျားဖောင်ပေါ်ရောက်ရင်တော့ အလုပ်သမားခေါင်းနဲ့တွဲပြီး လုပ်ခိုင်းတာပိုများတယ်” ဟု ခါးပြတ်ကျေးရွာမှ အမည်မဖော်လိုသည့် ရေလုပ်သားတစ်ဦးက ပြောသည်။

အလုပ်သမားများအပေါ် ဆိုးရွားသည့် လူအခွင့်အရေးချိုးဖောက်မှုများ၊ လူကုန်ကူးခံရမှုများ၊ ညှင်းပန်းနှိပ်စက်၍ ခိုင်းစေခြင်းများ၊ မကြာခဏ လူသေဆုံးရခြင်းများအပြင် လစာ ခေါင်းပုံဖြတ်ခံရခြင်းများမှာ ယခင်ထက် ဆိုးရွားနေကြောင်း သိရသည်။

“ပွဲစား အဆွယ်ကောင်းလို့ လိုက်သွားတာ။ ကျားဖောင်အလုပ်မှန်း ဟိုရောက်မှသိရတယ်။ ပြောတုန်းကတော့ လစာအပြည့်ပေးမယ်၊ နေစရိတ်၊စားစရိတ် အငြိမ်းပေါ့။ တကယ်လည်းကျတော့ လစာဆိုတာက ရေလုပ်ငန်းတွေ နားချိန်မှရမယ် လုပ်ပြန်တာပေါ့။ လုပ်သားတွေ ထွက်ပြေးမှာစိုးလို့ အချင်းချင်းကို ပြန်စောင့်ကြည့်တဲ့ပုံစံနဲ့ ထားတာ။ အလုပ်ခေါင်းတွေဆိုတာကလည်း သူဌေးလူယုံသပ်သပ်ပဲ။ နားချိန်ဆိုတာမရှိဘူးဗျ။ တနေကုန် လုပ်ရတာ” ဟု တွံ့တေးမြို့ခံ ကျားဖောင်လုပ်သားဟောင်းတစ်ဦးက သူ၏ အတွေ့အကြုံကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလက မအူပင်ဒေသခံ အသက်၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို ကျားဖောင်လုပ်သားအဖြစ် ခေါ်ယူရာမှ လုပ်အားခ ခေါင်းပုံဖြတ်ခဲ့သည့် ပွဲစားနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် အမှုဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ကျားဖောင်ငါးဖမ်းလုပ်ငန်းသည် ဝါးဖောင်များနှင့်ပိုက်ထောင်ကာ မုတ္တမပင်လယ်ကွေ့တွင် လနှင့်ချီအထိုင်ချပြီး ငါး၊ ပုစွန်နှင့် ရေထွက်သတ္တဝါများကို ဖမ်းယူသည့်လုပ်ငန်းဖြစ်သည်။

#F004