- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ရခိုင်တွင် စက်တင်ဘာလ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၀ ကျော် ထိခိုက်သေဆုံး
ရခိုင်တွင် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၈၀ ကျော်အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
01 Oct 2024
DMG ၊ အောက်တိုဘာ ၁
ရခိုင်စစ်မျက်နှာတွင် အရေးမလှရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများမှာ လစဉ်တိုးလာလျက်ရှိသည်။
DMG စာရင်းအရ စက်တင်ဘာလတွင်း လေကြောင်းပစ်ခတ်မှုကြောင့် သံတွဲ၊ တောင်ကုတ်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဂွ မြို့နယ်များတွင် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦး အထိရှိနေသည်။
သေဆုံးသူများမှာ သံတွဲမြို့နယ်တွင် ၁၈ ဦး၊ တောင်ကုတ်မြို့နယ်တွင် ၃ ဦး၊ မြေပုံမြို့နယ်တွင် ၂ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် ၁ ဦးနှင့် ဂွမြို့နယ်တွင် ၃ ဦး စုစုပေါင်း ၂၇ ဦး ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ သံတွဲ ၃၇ ဦး၊ ဂွ ၇ ဦး၊ တောင်ကုတ် ၃ ဦး၊ မြေပုံ ၇ ဦး၊ ရသေ့တောင် ၁ ဦးနှင့် ပုဏ္ဏားကျွန်း ၃ ဦး စုစုပေါင်း ၅၈ ဦး ဖြစ်သည်။
“စစ်တပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီးတော့ ပြည်သူတွေကို အကြောက်တရားသွင်းနေတယ်။ ငယ်ငယ်တုန်းက လေယာဉ်လာရင် လက်ခုပ်တီးပြီးတောင် ထွက်ကြည့်သေးတာ။ အခုက လေယာဉ်လာရင် ဘယ်နေရာပြေးပုန်းလို့ လွတ်မလဲဆိုပြီး ကြောက်နေရပြီ” ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ရခိုင်တွင် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၈၀ ကျော်အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။
“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကို ခပ်စိပ်စိပ်လုပ်လာလို့ အစုလိုက်အပြုံလိုက်သေကြတာ မြင်ရတော့ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုပြီး ပိုတွေးမိလာတယ်” ဟု မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများဆုံး ပါဝင်နေသည်။
သံတွဲမြို့ကို စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်ဘေးရှောင် ကလေးငယ် အပါအဝင် အယောက် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည်။
အရပ်သားပြည်သူ ခိုလှုံသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗေးရှင်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။
ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ အရပ်သားများအား ဦးတည်တိုက်ခိုက်နေခြင်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ရှုတ်ချကြသည်။
“ရှုံးမဲမဲပြီး စစ်ပွဲကို စစ်ပွဲနဲ့တူအောင် မတိုက်ဘဲ ပြည်သူကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ အခု ရခိုင်မှာ လူရာချီအစုလိုက်အပြုံလိုက် သေဆုံးသွားတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်ကို ကျူးလွန်နေတာဖြစ်တယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ၁၁ လ နီးပါးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၁,၄၆၅ ဦးအထိရှိကြောင်း DMG က ပြုစာထားသော စာရင်းအရ သိရသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ရခိုင်ဒေသတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်အဟုန် မြှင့်သွားမည်ဟု AA က ကြေညာထား၍ တိုက်ပွဲများမှာ နှစ်ဆခန့် ပြင်းထန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။