- ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
သင်္ကြန်မတိုင်မီ ရခိုင်ဆန်ဈေးနှုန်း ယခင်ထက် တစ်သောင်းကျပ် မြင့်တက်
ယခုနှစ် သင်္ကြန်မတိုင်မီ ကာလအတွင်းမှာပင် ရခိုင်ပြည်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ယခင်ဈေးနှုန်းထက် ငွေကျပ်တစ်သောင်းထိ ဈေးမြင့်တက်နေသည်။
11 Apr 2023
DMG ၊ ဧပြီ ၁၁
ယခုနှစ် သင်္ကြန်မတိုင်မီ ကာလအတွင်းမှာပင် ရခိုင်ပြည်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ယခင်ဈေးနှုန်းထက် ငွေကျပ်တစ်သောင်းထိ ဈေးမြင့်တက်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။
စစ်တွေမြို့တွင် ဧပြီလ ဒုတိယပတ်ကစပြီး ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ငွေကျပ် ၇၀,၀၀၀ မှ ၈၁,၀၀၀ ထိ၊ ဧည့်မထဆန် တစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ မှ ၇၀,၀၀၀ ထိ ဈေးနှုန်းအသီးသီး မြင့်တက်နေသည်။
“သင်္ကြန်ကာလဖြစ်တဲ့အတွက် အလှူတွေလုပ်ဖို့၊ ဆွမ်းလောင်း၊ ဆွမ်းကျွေးကြဖို့ ဆန်ဝယ်ယူကြတဲ့သဘောပါ။ ပုံမှန်ထက် နည်းနည်း ပိုဝယ်ယူကြတယ်လို့ ပြောလို့ရတယ်” ဟု စစ်တွေမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးသာဇံလှက ပြောသည်။
သင်္ကြန်ကာလအတွင်း ဆန်စက်ရုံများရပ်ထားပြီး ဆန်အရောင်းဆိုင်များလည်း ပိတ်ထားမည်ဖြစ်သဖြင့် လက်လီ/လက္ကားရောင်းချသူများက ဆန်ဝယ်ယူစုဆောင်းမှုများရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ ယင်းအပြင် သင်္ကြန်အလွန်တွင် ဆန်ဈေးနှုန်း ယခုထက် ပိုမြင့်တက်လာမည်ကို စိုးရိမ်သည့်အတွက် ဝယ်ယူစုဆောင်းမှုများလည်းရှိကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ ရောင်းအား ပိုကောင်းကြတယ်။ သင်္ကြန်အတွင်းမှာ ဆန်ရောင်းချဖို့အတွက် ဝယ်ပြီး စုထားကြတယ်။ အိမ်မှာစားဖို့ ဝယ်တဲ့သူတွေက နည်းတယ်။ အရောင်းအဝယ်သမားတွေ ပိုဝယ်ကြတယ်။ ဆန်ကြမ်းထက် ပေါ်ဆန်းမွှေးက ပိုရောင်းကောင်းတယ်” ဟု စစ်တွေမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးသာထွန်းလှက ပြောသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်က ရာသီဥတုဖောက်ပြန်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်ခြင်း စသည့် အခက်ခဲအမျိုးမျိုးတို့ကြောင့် စပါးပေါ်ရာသီတွင် အထွက်နှုန်းကျဆင်းခဲ့သည်။
ထို့ကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်း ဆက်လက် မြင့်တက်နေခြင်းဖြစ်ပြီး သင်္ကြန်ကာလ ကျော်လွန်ချိန်တွင်လည်း ယခုထက်ပို၍ ဆန်ဈေးမြင့်တက်လာနိုင်ကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းအသင်းက ခန့်မှန်းသည်။
“ဆန်စျေးနှုန်းမြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့နဲ့ လာမယ့်မိုးရာသီမှာ ပြည်တွင်းဆန်ရိက္ခာ ဖူလုံမှုရှိစေဖို့ အတွက် အစိုးရထံ အကြောင်းကြားထားတယ်။ အစိုးရဖက်ကလည်း ပြည်တွင်းမှာ ဆန်စျေးနှုန်း ဂယက်တွေကို သိနေပြီ။ ဒါပေမဲ့ (ဆန်ဈေးနှုန်းမြင့်တက်တာနဲ့ပတ်သက်လို့) ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး” ဟု ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံ တွေ့နေကြရသည်။
နိုင်ငံရေးအကျပ်အတည်းကြောင့် စားဝတ်နေရေးခက်ခဲနေချိန်တွင် အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုမှာ လက်လုပ်လက်စား အခြေခံလူတန်းစားများကို ပို၍အခက်အခဲ ဖြစ်စေသည်ဟု ဆိုကြသည်။
“တိုင်းရေးပြည်ရေး မကောင်းတဲ့အခြေအနေမှာ စားသောက်ကုန်တွေလည်း စျေးတက်လာတော့ ဒုက္ခရောက်ကြတယ်။ ကျနော်တို့ အခြေခံလူတန်းစားတွေဟာ အလုပ်လုပ်ရင်းနဲ့ ထမင်းငတ်သွားမယ့် အနေအထားရောက်သွားနိုင်တယ်” ဟု စစ်တွေမြို့မှ ကိုအောင်သူမင်းက ပြောသည်။
ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် ဆန်ပွဲရုံ ၆၀ ကျော်ရှိပြီး ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ မောင်တော စသည့် မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ လက်ရှိမှာ ရခိုင်ပြည်မှထွက်ရှိသည့် ဆန်များကို ရန်ကုန်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့ရောင်းချမှုများ ရှိနေသည်။
#R010