စစ်ဘေးတိမ်းရှောင်သည့် စစ်တွေဒေသခံများကို စစ်ကောင်စီပစ်ခတ် (အမျိုးသားနှစ်ဦး သေဆုံးပြီး၊ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ) 

အမြင့်ကျွန်းရွာသား ၁၁ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရန် စက်လှေဖြင့်သွားစဉ် ရွာအနီးမြစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီရေတပ်က စပိဒ်ဘုတ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့သည်။ 

By Admin 19 Jun 2024

စစ်ကောင်စီ ကင်းလှည့်ရေယာဉ်များကို စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအောက်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။
စစ်ကောင်စီ ကင်းလှည့်ရေယာဉ်များကို စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအောက်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။

DMG ၊ ဇွန် ၁၉  

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်ရန်ထွက်ခွာသည့် ဒေသခံတချို့ကို စစ်ကောင်စီက ပစ်ခတ်တားဆီးမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး၊ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အမြင့်ကျွန်းရွာသား ၁၁ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရန် စက်လှေဖြင့်သွားစဉ် ရွာအနီးမြစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီရေတပ်က စပိဒ်ဘုတ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့သည်။ 

“သူတို့က ရွာကနေ စက်လှေနဲ့ မြစ်ကိုဖြတ်ပြီး စစ်ဘေးရှောင်ဖို့ထွက်ကြတာ။ အဲဒီမှာ သေနတ်နဲ့လှမ်းပစ်လို့ နှစ်ယောက်သေသွားတယ်။ လေးယောက်က ပြန်လွတ်လာတယ်။  အမျိုးသမီးတွေကတော့ ဖမ်းဆီးခံလိုက်ရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။ 

ယင်းဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေမှုကြောင့် လက်ရှိအချိန်မှ သိရခြင်းဖြစ်သည်။ သေဆုံးသွားသူမှာ ဦးအောင်သိန်းထွန်း (၃၉)နှစ် နှင့် ဦးသန်းထွန်းမောင် (၅၃)နှစ် ဖြစ်သည်။

စစ်ကောင်စီပစ်ခတ်ပြီးနောက် အမျိုးသားလေးဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး၊ ငါးဦးကို ဖမ်းဆီးသွားခဲ့သည်။ ယင်းနောက် ကလေးအပါအဝင် အမျိုးသမီးသုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ စစ်ကောင်စီနေဗီ၌ ဖမ်းဆီးခံထားရသူမှာ မမိုးသူဇာ (၂၄)နှစ်နှင့် ဒေါ်စောစောအေး (၄၉)နှစ် ဖြစ်သည်။

“စစ်ပွဲဖြစ်မှာစိုးရိမ်လို့ အဆင်ပြေတဲ့နေရာကို ရှောင်ကြတာမှာ ပစ်ခတ်အဖမ်းခံလိုက်ရတာ။ လွတ်မလာသေးတဲ့ အမျိုးသမီးတွေအတွက် အကုန်လုံးစိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။  

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ကလည်း စစ်တွေဒေသခံ ၂၀၀ ခန့်မှာ မြို့မှတိမ်းရှောင်ကြစဉ် ကံ့ကော်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ထွက်ပြေးကြရာ မိုင်းနင်းမိ၍ သုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိကာ လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ 

စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နယ်မြေရှိ စစ်တွေဒေသခံများကို ထွက်ခွာခွင့်ပိတ်ထားပြီး မြို့ပတ်ပတ်လည်နှင့် မြို့အဝင်အထွက် ဂိတ်များတွင် မိုင်းထောင်ထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း၊ ကြွီတဲ၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ပြောင်းရွှေ့ထားသည်။