ပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် TNLA နှင့် MNDAA က စစ်ကောင်စီကို သတိပေး

စစ်တွေမြို့၊ ဗျိုင်းဖြူရွာလူသတ်မှုကဲ့သို့ ကျူးလွန်မှုမျိုးကို ရက္ခိုင်ပြည်၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ရန်၊ အမြန်ဆုံး ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို ညီနောင်နှစ်ဖွဲ့က ဇွန်လ ၆ ရက်တွင် သတိပေးလိုက်သည်။ 

By Admin 07 Jun 2024

AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့ တပ်ဖွဲ့ဝင်များ။ 
AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့ တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဇွန် ၇ 

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာမှ အပြစ်မဲ့ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုဖြစ်စဉ်ကို ရှုတ်ချကြောင်း ပလောင်(PSLF/TNLA) နှင့် ကိုးကန့် (MNTJP/MNDAA) ညီနောင်မဟာမိတ် (၂)ဖွဲ့က ထုတ်ပြန်သည်။ 

ဗျိုင်းဖြူရွာဖြစ်စဉ်ကဲ့သို့ ကျူးလွန်မှုမျိုးကို ရက္ခိုင်ပြည်၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ရန်၊ အမြန်ဆုံး ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို ညီနောင်နှစ်ဖွဲ့က ဇွန်လ ၆ ရက်တွင် သတိပေးလိုက်သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စောမြရာဇာလင်းဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင် အပါအဝင် အင်အား (၁၇၀) ကျော်သည် မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲ ဝင်ရောက်လာပြီး ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တစ်ရွာလုံးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူများအား အမျိုးမျိုး နှိပ်စက်ညှင်းပန်းခြင်း၊ အမျိုးသမီးများအား အဓမ္မကျင့်ခြင်း၊ ပြည်သူ (၇၆) ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း၊ ရွှေငွေပစ္စည်းများယူသွားခြင်း တို့ကို စစ်ကောင်စီက လက်ရဲဇက်ရဲလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။ 

ယင်းလုပ်ရပ်များအား ထိရောက်စွာအကာအကွယ်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံကြောင်း ညီနောင်(၂)ဖွဲ့က ပြောသည်။

စစ်ရှုံးစစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုဘေးရန်မှ ကင်းဝေးစေရန် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။ 

TNLA နှင့် MNDAA တို့သည့် AA ၏ မဟာမိတ်အဖွဲ့များဖြစ်သည်။ လက်ရှိတွင် တရုတ်ကြားဝင်မှုကြောင့် အပစ်ခတ်ရပ်စဲထားပြီး ၎င်းတို့သိမ်းပိုက်ဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အဘက်ဘက်မှာ ဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ပြည်သူတွေ ထိခိုက်အောင် ပိုလုပ်လာမယ်။ ပြီးရင် မြေပြင်နဲ့ကွဲလွဲနေတဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေက အရှက်မရှိပြောလာမယ်။ ကြားထဲမှာ ပြည်သူတွေ အထိနာကြတယ်” ဟု ပြောသည်။ 

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သူအားလုံးကို လက်စားချေ တုံ့ပြန်သွားမည်ဟု အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်တွင် သတိပေးထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက် တို့ကလည်း ဗျိုင်းဖြူရွာကိစ္စကို တရားမျှတမှုရရှိစေရန်၊ ကျူးလွန်ခဲ့သည့် စစ်ကောင်စီကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ရန်  ဇွန်လ ၅ ရက်က တောင်းဆိုခဲ့ကြသည်။ 

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ်ကို စစ်ကောင်စီက ငြင်းဆိုထားသည်။ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာသူများအား ခေါ်ယူမေးမြန်းရာတွင် သေနတ်လုပြီး ရန်ပြုရန်ကြိုးစားသဖြင့် ပစ်ခတ်ရာ သုံးဦးသေဆုံးခဲ့ခြင်းသာ ဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ဗီဒီယိုများ