- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
တိုက်ပွဲများတွင် ပြည်သူများကို ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ကာကွယ်ခဲ့ကြောင်း စစ်ကောင်စီပြော
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တွင်တွေ့ဆုံစဉ် ယင်းသို့ပြောကြားလိုက်သည်။
08 Jul 2023
DMG ၊ ဇူလိုင် ၈
နိုင်ငံအနှံ့တိုက်ပွဲအတွင်း ပြည်သူများကိုကာကွယ်ရန်အတွက် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျည်းများနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက နိုင်ငံတကာသံတမန်များကို ဇူလိုင်လ ၆ ရက်နေ့က ပြောဆိုလိုက်သည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တွင်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ကြောင်း မြန်မာအလင်းသတင်းစာတွင် ဖော်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ဦးသန်းရွှေက “တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှု မပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျည်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်” ဟု ပြောသည်။
သို့သော်လည်း စစ်ကောင်စီ၏ ပြောဆိုတင်ပြချက်မှာ လက်တွေ့မြေပြင်ဖြစ်စဉ်များနှင့် လုံးဝကွဲလွဲနေပြီး မဟုတ်မမှန် ဝါဒဖြန့်ချိခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်သူများက ရှုမြင်ကြသည်။
“သူတို့(စစ်ကောင်စီ)ပြောတာတွေက ဝါဒဖြန့်ချိနေတာဖြစ်တယ်။ မြေပြင်မှာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တယ်၊ နောက်ပြီးတော့ အကြောင်းမဲ့သတ်ဖြတ်တာတွေရှိတယ်။ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ဗုံးကြဲတယ်။ ဒါတွေဟာ အကြမ်းဖက်သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်။ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခတ်နေတာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတကာစင်မြင့်မှာတော့ ဒီလိုပဲပြောနေကျဖြစ်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်ကစ၍ စစ်ကောင်စီတပ်က လူဦး ၅ ဦးထက်မနည်းကို တပြိုင်နက်တည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁,၅၉၂ ဦး ရှိကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးမှု၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူ ၅၀ ဦး သေဆုံးမှုဖြစ်စဉ်များ ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီး ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်(၁၀) လုံးကို မီးရှို့ခဲ့ပြီး ဒေသခံ ၉ ဦးကို သတ်ဖြတ်ခဲ့သည်။
ယင်းဖြစ်စဉ်များကို ထောက်ရှုကြည့်ပါက စစ်ကောင်စီသည် မြေပြင်အခြေအနေတွင် ဒေသခံများအား ကာကွယ်ခြင်းမရှိဘဲ နိုင်ငံတကာစင်မြင့်ထက်တွင် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“မြေပြင်မှာ နေစဉ်နဲ့အမျှ အိမ်တွေမီးရှို့တယ်။ ဒေသခံတွေကို မတရားဖမ်းဆီးတယ်။ ရခိုင်မှာ တိုက်ပွဲဖြစ်တုန်းကလည်း သူတို့(စစ်ကောင်စီ)က အဲဒီလိုလုပ်ခဲ့တာပဲ” ဟု သူကပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅,၀၀၀ ကျော်ကျင်းပခဲ့ပြီး အပြီးသတ်ငြိမ်းချမ်းရေးအတွက် အုပ်ချုပ်သူအဆက်ဆက်က ကြိုးပမ်းအားထုတ်ခဲ့ကြောင်း စစ်ကောင်စီက ကြေငြာထားသည်။ လက်ရှိတွင်လည်း စစ်ကောင်စီနှင့် NCA လက်မှတ်ထိုးလက်နက်ကိုင်တပ်ဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည်။
သို့သော်လည်း အပစ်ရပ်ထားသည့်အဖွဲ့များနှင့်သာ ဆွေးနွေးနေခြင်းဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးမှာ ထူးခြားမလာပေ။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လူထုအုံကြွမှုဖြစ်လာကာ လက်နက်ကိုင်တပ်ဖွဲ့များမှာလည်း ယခင်ကထက် ပိုများလာပြီး စစ်ကောင်စီတပ်နှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေသည်။
#R007