စားဝတ်နေရေး ခက်ခဲမှုကြောင့် ရခိုင်က မွတ်ဆလင်များ ပြည်ပထွက်ခွာမှု မြင့်တက်လာ 

မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားစသည့်နိုင်ငံများသို့ ပွဲစားများဖြင့် ငွေကြေးအမြောက်အများ ကုန်ကျခံကာ တရာမဝင်လမ်းကြောင်းများမှ ခက်ခက်ခဲခဲသွားနေကြကြောင်း မွတ်ဆလင်များက DMG ကို ပြောသည်။

By Admin 01 Aug 2024

ဘူးသီတောင်မြို့နယ်မှ စစ်ဘေးရှောင် မွတ်ဆလင်အမျိုးသမီးများအား ဇွန်လအတွင်းက တွေ့ရစဉ်။ 
ဘူးသီတောင်မြို့နယ်မှ စစ်ဘေးရှောင် မွတ်ဆလင်အမျိုးသမီးများအား ဇွန်လအတွင်းက တွေ့ရစဉ်။ 

DMG ၊ ဩဂုတ် ၁ 

ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်များမှာ စစ်ရေးပဋိပက္ခအကျိုးဆက် အလုပ်အကိုင်ရှားပါးလာခြင်း၊ စားဝတ်နေရေး ကျပ်တည်းလာခြင်းတို့ကြောင့် ပြည်ပထွက်ခွာနှုန်း မြင့်တက်လာကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိတွင် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားစသည့်နိုင်ငံများသို့ ပွဲစားများဖြင့် ငွေကြေးအမြောက်အများ ကုန်ကျခံကာ တရာမဝင်လမ်းကြောင်းများမှ ခက်ခက်ခဲခဲသွားနေကြကြောင်း မွတ်ဆလင်များက DMG ကို ပြောသည်။

ကျောက်တော်မြို့နယ်၊ ဝကင်းကျေးရွာမှ မွတ်ဆလင်တစ်ဦးက “ကျနော်တို့ရွာဖက်တွေက လူငယ်တွေ တော်တော်များများ မလေးရှားမှာ အလုပ်လုပ်မယ်ဆိုပြီး ပွဲစားအဆက်နဲ့သွားနေကြတယ်။ ဒီမှာက စားဝတ်နေရေး တော်တော်လေး အခက်အခဲဖြစ်လာကြတာ။ အလုပ်တွေလည်း မရှိတော့ စွန့်စားပြီးသွားကြတာ” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကျောက်တော်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတိုင်းမှ (ပျမ်းမျှအားဖြင့်) အမျိုးသမီးအပါအဝင် လူငယ် ၅၀ ကျော်မှာ လစဉ်ထွက်ခွာနေသည်ကို တွေ့နေရကြောင်းလည်း မွတ်ဆလင်ရပ်မိရပ်ဖများက ပြောသည်။

မြောက်ဦး၊ မင်းပြား၊ စစ်တွေ စသည့်မြို့နယ်များမှ မွတ်ဆလင်များမှာလည်း ပွဲစားများ၏ စည်းရုံးမှု၊ စားဝတ်နေရေး ဖိအားတို့ကြောင့် ပြည်ပထွက်ခွာနှုန်း မြင့်တက်နေ‌ကြောင်း ရပ်ရွာလူကြီး မွတ်ဆလင်များက ပြောကြသည်။

“အလုပ်တွေရှားတော့ ပွဲစားတွေက နည်းနည်းလေးဆွဲဆောင်တာနဲ့ အကုန်ပါသွားကြတာ။ ကျန်ခဲ့တဲ့မိဘတွေမှာ ပွဲစားခတွေကို ရှိတာရောင်းချပြီး ပေးကြရတယ်” ဟု မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ မွတ်ဆလင်တစ်ဦးက DMG ကို ပြောသည်။

ထိုသို့ထွက်ခွာရာတွင်လည်း ပွဲစားများ၏ လိမ်လည်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ လမ်းခရီးတွင် ဖမ်းဆီးခံရမှု စသည့် အခက်အခဲများရှိနေသည်။ မလေးရှားနိုင်ငံသို့သွားသည့် လူတစ်ယောက်အနေဖြင့် ပွဲစားခအဖြစ် ငွေကျပ် သိန်း ၁၂၀ ကျော်အထိပေးရပြီး ဖမ်းဆီးခံရခြင်းများလည်းရှိကြောင်း သိရသည်။

ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခကြောင့် အလုပ်အကိုင်ရှားပါးကာ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာနေပြီး မွတ်ဆင်များသာမက ရခိုင်အပါအဝင် တခြားမျိုးနွယ်စုများမှာလည်း ပြည်ပထွက်ခွာမှုရှိနေပြီး၊ ပြည်မဒေသတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်လူငယ်အများအပြားလည်း ပြည်ပသို့ ထွက်ခွာနေကြသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်လာပြီးနောက်ပိုင်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ရခိုင်ဒေသခံများမှာ စီးပွားရေးအကျပ်အတည်နှင့် ရင်ဆိုင်နေကြရသည်။