စစ်ကောင်စီလက်ချက်ကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာရ

နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှုအနက် ရှမ်းပြည်နယ်တွင် ၂၂ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းတွင် ၁၇ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းမှာ တတိယအများဆုံး ဖြစ်သည်။

By Admin 06 Aug 2024

စစ်ကောင်စီလက်ချက်ကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာရ

DMG ၊ ဩဂုတ် ၆ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးပြီး၊ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင့် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ထုတ်ပြန်သည်။ 

သေဆုံးသွားသူများမှာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃၃ ဦး၊ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ၁၀ ဦး၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၉ ဦး၊ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ၄ ဦး၊ တိုက်ပွဲအတွင်း ကျည်ထိမှန်မှုကြောင့် ၄ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ ဦးနှင့် မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် ၁ ဦး ဖြစ်သည်။ 

ယင်းအပြင် ဒဏ်ရာရရှိသူများမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၆ ဦး၊ လေကြောင်းဗုံးကြဲမှုကြောင့် ၁၁ ဦး၊ မုဒိမ်းကျင့်မှုကြောင့် ၃ ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ဦးနှင့် ကျည်ထိမှန်မှုကြောင့် ၁ ဦး ဖြစ်သည်။ 

နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှုအနက် ရှမ်းပြည်နယ်တွင် ၂၂ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းတွင် ၁၇ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းမှာ တတိယအများဆုံး ဖြစ်သည်။ 

“လစဉ်လတိုင်း အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးနေရတယ်။ စစ်ကောင်စီက ဒီလိုလုပ်ရပ်တွေကို အရင်ကလည်းလုပ်တယ်၊ အခုလည်း ကျူးလွန်တယ်၊ နောင်လည်း ကျူးလွန်နေအုံးမှာပဲ။  ကျမတို့ပြည်သူတွေဟာလည်း ဒီစစ်အာဏာရှင် မကျရှုံးသရွေ့ အကြမ်းဖက်တွေကို နည်းမျိုးစုံနဲ့ ခံစားနေရအုံးမှာ။ အဲဒါကြောင့် စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းတိုက်ခိုက်ဖို့ လိုအပ်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယင်းအပြင် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် အမျိုးသမီးများမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုအပြင် စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း BWU အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောသည်။ 

“စစ်ပွဲပဋိပက္ခကြားမှာ နေရတဲ့အတွက် လက်နက်ကြီးသံတွေ၊ လေယာဉ်ဗုံးကြဲသံတွေကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေလည်း ပိုပြီး မြင့်တက်လာနေတာ တွေ့ရတယ်” ဟု သူက ပြောသည်။ 

စစ်ရေးကြောင့် အလုပ်လပ်မဲ့ဦးရေ များလာသည့်ထဲ အမျိုးသမီးအများစု ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အချက်အလက်အရ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ အမျိုးသမီး ၅,၆၁၁ ဦး ဖမ်းဆီးခံရပြီး ၄,၀၆၆ ဦးအား ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။