- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်တွင် ရေကြီးမှုကြောင့် လူဦးရေ ခုနစ်ထောင်နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
“လောလောဆယ်တော့ ရေက ၅ ပေ ၆ ပေလောက်အထိ တက်နေတုန်းပဲ။ ဩဂုတ်လ ၄ ရက်နေ့ကနေ ရေကြီးနေလို့ လမ်းပန်းဆက်သွယ်ရေးက ပိတ်နေတာကြောင့် စားနပ်ရိက္ခာတချို့ ပြတ်တောက်မှုရှိလာနေပြီ ဖြစ်တယ်”
08 Aug 2023
DMG ၊ ဩဂုတ် ၈
မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်ခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်နေသော ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ လူဦးရေ ခုနစ်ထောင်နီးပါးမှာ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေရကြောင်း သိရသည်။
DMG က လတ်တလော ကောက်ယူရရှိထားသည့် စာရင်းအရ မြောက်ဦးမြို့နယ်တွင် လူဦးရေ ၂,၅၀၀ ကျော်၊ ကျောက်တော်တွင် ၂,၅၀၀ ကျော်၊ မင်းပြားတွင် ၁,၅၀၀ ကျော်အပါအဝင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ ရာနှင့်ချီသည့်ဒေသခံများမှာ ရေဘေးလွတ်ရာ ကုန်းမြင့်နေရာများ၊ ဘုရားတောင်ကုန်းများနှင့် နေအိမ်အမြင့်များသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။
လူဦးရေတစ်ထောင်ကျော်ရှိသော မြောက်ဦးမြို့၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ရေနစ်မြုပ်နေ၍ တောင်ကုန်းရှိ ဓမ္မာရုံနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းထားရသည်။ အဆောက်အအအုံအတွင်း လူဦးရေမဆန့်သောကြောင့် အဆင်ပြေနေသလို စီစဉ်ထားရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း မြတန်ဆောင်း ဆရာတော်က မိန့်သည်။
“စစ်ဘေးရှောင်တွေနေတဲ့နေရာက မြေနိမ့်ပိုင်းဆိုတော့ ရေနစ်မြုပ်လာလို့ ကျောင်းဝန်းအထဲကို အကုန်လုံး ရွှေ့ပြောင်းထားရတယ်။ စစ်ဘေးရှောင်တွေက WFP ထောက်ပံ့မှုအနည်းငယ်နဲ့ မလုံလောက်လို့ ကိုယ်တိုင် ရှာဖွေစားသောက်နေသူတွေဖြစ်တယ်။ အခုရေကြီးနေလို့ အလုပ်လည်းမလုပ်ရတော့ စားဝတ်နေရေးခက်ခဲမှုတွေ ရှိလာတယ်” ဟု ဆရာတော်က မိန့်သည်။
မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁,၁၁၆ ဦးနှင့် ဆိင်ချဆိပ်ရပ်ကွက်မှ လူဦးရေ ၁၀၃ ဦးကို ကုန်မြင့်ပိုင်းရှိ နီးစပ်ရာမိသားစုများထံကို ယာယီရွေ့ပြောင်းထားသည်ဟု မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၏ ယနေ့စာရင်းအရ သိရသည်။
ယင်းအပြင် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းနံဘေးရှိ ကျေးရွာ ၃၀ နီးပါးက ဒေသခံအချို့မှာလည်း မြစ်ရေမြင့်တက်မှုနှင့်အတူ ကမ်းပါးပြိုကျမှုကြောင့် ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း ရေကြီးမှုကြောင့် ယာယီရွှေ့ပြောင်းနေထိုင်နေကြသည့် ဒေသခံ ၂,၅၀၀ ထက် မနည်းရှိနိုင်သည်ဟု ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသည့်အဖွဲ့များထံမှ သိရသည်။
မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းအနီး ကျေးရွာ ၂၀ ကျော်ခန့်က ဒေသခံတစ်ထောင်ကျော်မှာလည်း ဘုန်းတော်ကြီးကျောင်း၊ ဘုရားတောင်နှင့် နေအိမ်အမြင့်များသို့ ယာယီရွှေ့ပြောင်းနေရပြီး စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြသည်။
“လောလောဆယ်တော့ ရေက ၅ ပေ ၆ ပေလောက်အထိ တက်နေတုန်းပဲ။ ဩဂုတ်လ ၄ ရက်နေ့ကနေ ရေကြီးနေလို့ လမ်းပန်းဆက်သွယ်ရေးက ပိတ်နေတာကြောင့် စားနပ်ရိက္ခာတချို့ ပြတ်တောက်မှုရှိလာနေပြီ ဖြစ်တယ်” ဟု ရွှေကျန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။
ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာပေါင်း ၃၀ ကျော် ရေနစ်မြုပ်နေပြီး ဒေသခံ ၁,၀၀၀ ကျော်ကို ယာယီရွှေ့ပြောင်းထားရသည်ဟု လူမှုကူညီရေးဆောင်ရွက်နေသည့် ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဌ ကိုညီပုက ပြောသည်။
“ကျောက်တော်မြို့နယ်မှာတော့ ညောင်းချောင်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်နဲ့ စပါးဆိပ်ကျေးရွာက လူဦးရေ ၆၀ ကျော်ကို ယာယီရွှေ့ပြောင်းထားကြတယ်။ မိုးသည်းထန်နေသလို ရေက လုံးဝမကျသေးတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေသေးတယ်” ဟု သူက ပြောသည်။
ယင်းအပြင် ကျောက်တော်မြို့နယ် မူးချောင်းကျေးရွာက အိမ်ထောင်စု ၅၅ စု၊ ကျောက်တလုံးကျေးရွာက လူဦးရေ ၁,၁၀၀ ကျော်နှင့် ယိုးချောင်းဒေသက ရာနှင့်ချီသည့် ဒေသခံများမှာလည်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။
လက်ရှိရေကြီးမှုအခြေအနေနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးသန်းထိုက်က “ရေတက်နေတဲ့ မြို့နယ်တွေမှာ ယာယီရွှေ့ပြောင်းပေးထားတဲ့ လူဦးရေစာရင်းအတိအကျ(ကြေးနန်း)တော့ တက်မလာသေးဘူး။ (မီးသတ်တပ်ဖွဲ့ဝင်တွေက) ရေကြီးနေတဲ့မြို့နယ်တွေမှာ ဆော်ဩတာတွေ၊ ဝိုင်းဝန်းပြီး ရွှေ့ပြောင်းပေးနေတာတွေ ရှိတယ်” ဟု ပြောသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး ရခိုင်ပြည်တွင် ဒေသအလိုက် နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၈ ရက်နေ့ ညနေ (၄) နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
#I006