- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်တွင် ရေကြီးမှုကြောင့် ကုန်လမ်း၊ ရေလမ်းခရီးစဉ်များ ယာယီရပ်နား
မိုးရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေ - ကျောက်ဖြူ- ရမ်းဗြဲ - တောင်ကုတ် စသည့် ရေကြောင်းစခရီးစဉ်များကိုလည်း ယနေ့ ဩဂုတ်လ ၈ ရက်ကစ၍ ရပ်နားလိုက်သည်။
08 Aug 2023
DMG ၊ သြဂုတ် ၈
ရခိုင်ပြည်အတွင်း မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်ခြင်းကြောင့် မြို့နယ်တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် ပြည်တွင်းပြေးဆွဲလျက်ရှိသော ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များကို ယာယီရပ်နားလိုက်ရသည်။
စစ်တွေ - ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ စစ်တွေ - ကျောက်တော် - မြောက်ဦး - မင်းပြား၊ မြေပုံ - အမ်း - တောင်ကုတ်- သံတွဲမြို့နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ရပ်နားထားရကြောင်း ကားသများက ပြောသည်။
“မနေ့ညပိုင်းကတည်းကနေ ရေတက်လို့ ကားလမ်းတစ်လျှောက် ရေလွှမ်းမိုးနေပါတယ်။ မဟာမြတ်မုနိ ဘုရားအနီးက လမ်းတစ်လျှောက်ဆိုရင် လုံးဝနစ်မြုပ်နေပြီးတော့ ပေါင်ရင်းလောက်အထိ ရေတက်နေတာ။ အဲဒါကြောင့် အများစုကတော ဒီနေ့ကားမထွက်ကြပါဘူး” ဟု စစ်တွေ-မြောက်ဦး ခရီးသည်တင်ကားသမား ဦးကျော်နိုင်ချေက ပြောသည်။
မိုးရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေ - ကျောက်ဖြူ- ရမ်းဗြဲ - တောင်ကုတ် စသည့် ရေကြောင်းစခရီးစဉ်များကိုလည်း ယနေ့ ဩဂုတ်လ ၈ ရက်ကစ၍ ရပ်နားလိုက်သည်။
ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက “ရာသီဥတုဆိုးရွားပြီး ပင်လယ်လှိုင်းက တော်တော်ဆိုးနေတဲ့အတွက် ဒီနေ့သွားမယ့်ခရီးသည်တွေကို မနက်ဖြန်ပြောင်းလိုက်တယ်။ တစ်ပတ်ခါသွားမယ့် ခရီးသည်တွေကို နေက်တစ်ရက်ပြောင်းလိုက်တယ်” ဟု ပြောသည်။
ရပ်နားထားသောရေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်ရက်ကို ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး အသိပေးသွားမည်ဖြစ်ကြောင်း ဦးစံမော်သိန်းက ဆက်ပြောသည်။
မိုးဇလ၏ ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခွဲတိုင်းထွာချက်အရ လေးမြို့မြစ်ရေမှာ မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
မြောက်ဦး - မင်းပြား ကားလမ်းမရှိ မြောင်းဘွေကျေးရွာအနီးတွင် လေးမြို့မြစ်ရေကျော်လွန်ကာ ရေစီးကြမ်းနေသည့်အတွက် ကားများဆက်မသွားနိုင်သဖြင့် ရပ်တန့်ထားရကြောင်း သိရသည်။
“မနက်ကတော့ အရေးကြီးတဲ့ခရီးသည်တွေနဲ့ မင်းပြားက ထွက်လာခဲ့တယ်။ အခု ဘယ်လိုပြန်သွားရမလဲ မသိဘူး။ ရေစီးက တော်တော်ကြမ်းသလို ရေက တက်တက်လာနေတယ်” ဟု မြောက်ဦး - မင်းပြား ခရီးသည်တင်ကားသမား ကိုကျော်ပိုင်စိုးက ပြောသည်။
ယင်းအပြင် အမ်းမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး ကားလမ်းမကြီးတွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေဖြတ်ကျော်စီးဆင်းနေသဖြင့် စစ်တွေသို့လာသည့် ကားအစီးရေ ၂၀ ခန့် ရပ်တန့်ထားရပြီး လူနာတင်ယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဖားမချေက “တောင်ကျရေစီးပြင်းပြီးတော့ ရေကသုံးပေကျော်အထိ ရောက်နေပါတယ်။ ကျနော်တို့စောင့်ကြည့်နေပါတယ်။ အောက်ဆီဂျင်ရှူထားရတဲ့ လူနာလည်းပါတယ်ဆိုတော့ ကျနော်တို့မှာ အခက်အခဲ ရှိနေတယ်။” ဟု ပြောသည်။
စစ်တွေ - ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင် Express ကားများကိုလည်း ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ရပ်နားသွားမည်ဖြစ်ကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှ သိရသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့စ၍ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး လူဦးရေသောင်းနှင့်ချီ ရေဘေးသင့်နေကြသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အတွက် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နေရာအနှံ့အပြားတွင် မိုးထစ်ချုပ်ရွာသွန်းခြင်းပြီး ဒေသအလိုက်မိုးကြီး နိုင်ကြောင်း မိုးဇလက ယနေ့ထုတ်ပြန်ထားသည်။
#R010