ကျောက်နီမော် ဗုံးကြဲခံရမှု လူမှုကွန်ရက်တွင် ဝေဖန်သူ ရခိုင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းနှင့် ဝေဖန်ခဲ့သူ ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

By Admin 12 Feb 2025

ပုံစာ - စစ်ကောင်စီထံ ဖမ်းဆီးခံထားရသူ မစုသက်သက်အောင်။ ဓာတ်ပုံ - Su Thet Thet Aung (Facebook)
ပုံစာ - စစ်ကောင်စီထံ ဖမ်းဆီးခံထားရသူ မစုသက်သက်အောင်။ ဓာတ်ပုံ - Su Thet Thet Aung (Facebook)

DMG ၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းနှင့် ဝေဖန်ခဲ့သူ ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ 

ဖမ်းဆီးခံရသူမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မစုသက်သက်အောင် ဖြစ်ပြီး ဇန်နဝါရီလ ဒုတိယအပတ်က တောင်ဒဂုံမြို့နယ်၊ နေအိမ်တစ်အိမ်တွင် စစ်ဘေးရှောင်နေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

" အဖမ်းခံလိုက်ရပြီးတဲ့နောက်မှာ သိရတာ။ အခုတော့ သူ့ကို အင်းစိန်ထောင်ကို ပို့ထားတယ်လို့ သိရတယ်။ ထောင်ဝင်စာ သွားပေးလို့ ရတယ်။ ဒါပေမဲ့ စစ်ဆေးစရာရှိသေးဆိုပြီး တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ် " ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၀၀ ခန့် မီးလောင်ပြာကျခဲ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ (Facebook) အကောင့်တွင် ဝမ်းနည်းကြောင်းအပြင် ဝေဖန်ပြောဆိုခြင်းများ ပို့စ်တင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများ ပြောဆိုသည်။

လက်ရှိတွင် မစုသက်သက်အောင်ကို စစ်ကောင်စီက အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ဖမ်းဆီးခံရသည့် အကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။

မစုသက်သက်အောင်သည် ရန်ကုန်မြို့ရှိ အစ်မဖြစ်သူ၏ ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးသာ ဖြစ်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။

" ကျောက်နီမော်ဗုံးကြဲခံရတဲ့အတွက် ဝမ်းနည်းပူဆွေးပြီး facebook မှာ ပို့စ်တင်ခဲ့တယ်။ Share လုပ်တယ်။ အဲဒီနောက်ပိုင်း အဖမ်းခံလိုက်ရတာ။ သူမက လွတ်လပ်လွတ်လပ်နေတတ်တယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ် " ဟု နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြည်သူများကို အွန်လိုင်းတွင် ရေးသားပြောဆိုဝေငှနေခြင်းကို စောင့်ကြည့်အရေးယူမည့် ကော်မတီတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဖွဲစည်းခဲ့ကြောင်း Ahthan (အသံ) အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီသည် လူမှုကွန်ရက်ဆိုရှယ်မီဒီယာများတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးသားသူများ၊ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ဝေဖန်ရေးသားသူများကို ဆက်တိုက်ဖမ်းဆီးနေကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူများက ပြောသည်။

ယင်းအပြင် ရန်ကုန်ရောက် ရခိုင်လူငယ်များကို စစ်ကောင်စီသည် အကြောင်းပြချက်အမျိုးမျိုးရှာပြီး ဖမ်းဆီးမှုများလည်း ရှိနေ၍ မလုံခြုံမှုများနှင့် နေထိုင်နေကြရသည်ဟု ပြောဆိုကြသည်။

ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက " ရန်ကုန်မှာက ရခိုင်လူမျိုးတွေဆိုရင် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးတာရှိတယ်။ ဒါကြောင့် နောက်ကျောမလုံတော့ဘူး။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖမ်းသွားမလဲဆိုတာဘဲ သတိထားပြီး နေရတယ် " ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်ကလည်း လှိုင်သာယာစက်ရုံမှ အလုပ်ဆင်းပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး အပါအဝင် ရခိုင်လူငယ် ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအထဲမှ အမျိုးသမီးမှာ စစ်ဆေးခံရပြီး ပြန်လွတ်လာသော်လည်း ကျန် ၆ ဦးမှာ ယနေ့ထိ မိသားစုနှင့် အဆက်အသွယ် မရသေးပေ။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံအချို့မှာ ရန်ကုန်နှင့် အခြားပြည်မတွင် စစ်ဘေးတိမ်းရှောင်နေခြင်းများလည်း ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တစ်လအတွင်း ရန်ကုန်မြို့တွင် လူငယ် ၄၇၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းအထဲတွင် ရခိုင်အများဆုံးပါဝင်ကြောင်း Rangoon Scout Network အဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။