မြောက်ဦးကိုတော့ ချမ်းသာပေးကြပါ

ရှေးဟောင်းအငွေ့အသက်တွေနဲ့ တည်ရှိနေတဲ့ မြောက်ဦးမြို့အတွင်းကို စက်တင်ဘာ ၄ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေပစ်ဖောက် ဝင်ရောက်လာတာကြောင့် မြို့သူမြို့သားတွေဟာ  အလန့်တကြားနဲ့ ကျီးလန့်စာစားဖြစ်ခဲ့ရပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ “စစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကြောင့် မြောက်ဦးမြို့ဟာ ဓားစာခံဖြစ်နေရတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

07 Sep 2022

DMG ၊ စက်တင်ဘာလ

(အယ်ဒီတာ့အာဘော်)

မြောက်ဦးမြို့ဟာ ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးမြို့တော်ဖြစ်ခဲ့သလို ရခိုင်တို့ရဲ့နှလုံးသားဆိုလည်း မမှားပါဘူး။ မြောက်ဦးမြို့ကို တည်ထောင်ခဲ့တာဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၆ ရက်နေ့က (၅၉၂)နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ရခိုင်မင်းဆက်ပေါင်းလေးဆယ်ကျော် စိုးစံခဲ့တဲ့ မင်းနေပြည်တော်လည်း ဖြစ်ပါတယ်။

မင်းနေပြည်တော်ရဲ့ မြို့တော်တစ်ခုဖြစ်တာနဲ့အညီ ကျုံး၊ မြို့ရိုး၊ ခံတပ်နဲ့ နန်းတော်ရာကုန်းတွေဟာဆိုရင်လည်း ဟောင်းနွမ်းနေသည့်တိုင် ရခိုင်လူမျိုးတို့ရဲ့ ပြယုဂ်တစ်ခုအဖြစ် ယနေ့ထိတိုင် အထင်အရှားရှိနေပါသေးတယ်။

မြောက်ဦးမြို့ကို ကံကြမ္မာဆိုးကျရောက်စေခဲ့တာကတော့ ၂၀၁၈ ခုနှစ် အစောပိုင်းကာလကပဲဖြစ်ပါတယ်။ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့ အထိမ်းအမှတ်နေ့မှာ ဒေသခံလူငယ် ၇ ဦး သွေးမြေကျခဲ့ရပြီး နောက်ထပ် ၈ ဦးမှာလည်း အကျဉ်းထောင်အတွင်းမှာ ၈ လလောက်အထိ ဒဏ်ရာဒဏ်ချက်တွေနဲ့ နေထိုင်ခဲ့ကြရပါတယ်။

အဲဒီနောက် မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလမှာ မြောက်ဦးမြို့နယ်ထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့ကြရတဲ့သူတွေရှိခဲ့သလို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားပြီးမှ အလောင်းကိုပြန်ပို့ပေးခဲ့တဲ့ဖြစ်စဉ်တွေ၊ ပျောက်ဆုံးနေတဲ့ဖြစ်စဉ်တွေ အများအပြားရှိခဲ့ကြပါတယ်။

ရက္ခိုင့်တပ်တော်ဖက်ကလည်း ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်းမှာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တချို့ ရှိခဲ့တာကိုလည်း စိတ်မကောင်းဖွယ် မြင်တွေ့ခဲ့ရပါတယ်။

အဲဒါကတော့ တိုက်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးလို့ဆိုရမှာပါ။ အဆိုးဆုံးကတော့ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆံဒဏ်ရာတွေရှိနေတာပါပဲ။ နောက်တစ်ချက်က လက်နက်ကြီးပစ်ခတ်မှုတွေရဲ့ တုန်ခါမှုကြောင့် ဘုရားစေတီတချို့ ကွဲအက်ပျက်စီးတာမျိုးကြုံခဲ့ရသလို မြို့တွင်းမှာနေထိုင်တဲ့သူတွေအနေနဲ့လည်း အေးချမ်းစွာအိပ်စက်ခွင့်ကိုတောင် မရခဲ့ကြပါဘူး။

တကယ်တော့ မြောက်ဦးမြို့ဆိုတာ ရခိုင်တို့ရဲ့အသည်းနှလုံးဖြစ်သလို မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ စိတ်ဝင်တစားလာရောက်လည်ပတ်ကြတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်အတွက် ခရီးသွားဝင်ငွေတစ်ခုကို အချိန်အတော်ကြာရှာဖွေပေးခဲ့တဲ့ တောင်ကုန်းတွေကြားက အေးချမ်းလှပနေတဲ့ မြို့တစ်မြို့ပါ။

ရှေးဟောင်းအငွေ့အသက်တွေနဲ့ တည်ရှိနေတဲ့ မြောက်ဦးမြို့အတွင်းကို စက်တင်ဘာ ၄ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေပစ်ဖောက် ဝင်ရောက်လာတာကြောင့် မြို့သူမြို့သားတွေဟာ  အလန့်တကြားနဲ့ ကျီးလန့်စာစားဖြစ်ခဲ့ရပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ “စစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကြောင့် မြောက်ဦးမြို့ဟာ ဓားစာခံဖြစ်နေရတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

တကယ်တမ်း ဆန်းစစ်ကြည့်ရင် အရင်က စစ်ရေးကာလအတွင်း မြောက်ဦးမြို့ပေါ်က ဘုရားပုထိုးတွေနဲ့ နေအိမ်တွေမှာကျခဲ့တဲ့ ကျည်ဆံတွေဟာ ဘယ်သူတွေကပစ်ခတ်တဲ့ ကျည်ဆံအမျိုးအစားဆိုတာ စစ်ရေးကျွမ်းကျင်သူတွေဆိုရင် အလွယ်တကူ လေ့လာသိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ရခိုင်တွေရဲ့ အသည်းနှလုံးဖြစ်တဲ့ မြောက်ဦးမြို့ကိုတော့ ဘယ်ရခိုင်လူမျိုးကမှ မထိခိုက်စေချင်တာကတော့ အမှန်တရားပါပဲ။ ဒါပေမဲ့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်နေသူတစ်ချို့ကတော့ ဒီနေ့အချိန်အထိ မသိကျိုးကျွံပြုနေကြပြီး မြောက်ဦးကို အကျည်းတန်စေတဲ့ကိစ္စရပ်တွေမှာ ရေငုံနှုတ်ပိတ်နေတာကတော့ မဖြစ်သင့်တဲ့ အပြုအမူတစ်ခုလို့ မြင်မိပါတယ်။

တစ်ဖက်မှာလည်း မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း(UNESCO) ဝင်နိုင်ရေး ကြိုးပမ်းနေကြသူတွေရှိသလို ရခိုင်တို့ရဲ့နှလုံးသားဖြစ်တဲ့ မြောက်ဦးရှေးဟောင်းနယ်မြေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားမှုတွေကိုလည်း တွေ့မြင်လာနေရပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ပြင်းထန်လာခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပေါင်း လေးထောင်ကျော်ထဲမှာ မြောက်ဦးမြို့ပေါ်မှာ တိုက်ပွဲတစ်ပွဲမှ ဖြစ်ပွားခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း လက်ရှိမှာတော့ မြောက်ဦးဟာ ကျည်ဆံဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်လို့နေပါပြီ။

မြောက်ဦးမြို့ဟာ ရေလမ်းရော ကုန်းလမ်းပါ လမ်းပန်းဆက်သွယ်ရေးကောင်းတာကြောင့် အတန်အသင့် သာယာဝဖြိုးမှုရှိခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ရဲ့ လမ်းခရီးပိတ်ဆို့မှုတွေနဲ့ အစစ်အဆေး ထူပြောလာမှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေရပြီး စားဝတ်နေရေးအကျပ်အတည်းတွေကို စတင်ရင်ဆိုင်လာနေရပြီလည်း ဖြစ်ပါတယ်။

ပုဂံဟာ မြန်မာ့သမိုင်းနဲ့ ဗမာလူမျိုးတို့ရဲ့ စံတင်စရာပြယုဂ်တစ်ခုအဖြစ်ရှိနေသလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဗမာလူမျိုးတို့ရဲ့ နှလုံးသားလို့ တင်စားလို့ရနိုင်တဲ့ ပုဂံမြို့ကို ဗမာလူမျိုးတိုင်းချစ်ကြသလို ရခိုင်လူမျိုးတိုင်းဟာလည်း မြောက်ဦးမြို့ကို ချစ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ပုဂံမှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲထားပေမယ့် ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်တာကြောင့် မဟာမိတ်တပ်တွေက ဘာမှမလုပ်ဘဲထားခဲ့တဲ့ သာဓကလည်းရှိပါတယ်။

အာဖရိက နိုင်ငံအချို့မှာလည်း ပြည်တွင်းစစ်ဖြစ်နေကြပေမဲ့ သူတို့ရဲ့ အထွဋ်အမြတ်ထားရာ ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေကို အတတ်နိုင်ဆုံးမထိခိုက်အောင် ထိန်းသိမ်းကြတာမျိုးကို လေ့လာတွေ့ရှိရပါတယ်။

စစ်ပွဲဆိုတာ နိုင်ငံရေးပြဿနာရဲ့ နောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်ဆိုပေမဲ့လည်း သေနတ်ပြောင်းဝဟာ အရပ်သားပြည်သူဘက်ကို လှည့်လာပြီဆိုရင်တော့ ဒါဟာ စစ်ပွဲတစ်ခုမဟုတ်တော့ဘဲ အကြမ်းဖက်လုပ်ရပ်တစ်ခုသာ ဖြစ်ပါလိမ့်မယ်။

အဲဒီထက်ပိုဆိုးတာက ဒေသခံပြည်သူတွေရဲ့ ယုံကြည်ကိုးကွယ်မှု အဆောက်အုံတွေကို ဖျက်ဆီးတာပါပဲ။ မိမိတို့ရဲ့ အထွဋ်အမြတ်ထားရာ ယုံကြည်ကိုးကွယ်မှု ပြယုဂ်တစ်ခု ပျက်စီးသွားခြင်းဟာ ကိုးကွယ်ယုံကြည်သူတွေရဲ့ နှလုံးသားကို ခြေမွဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။

ထူးခြားလှတဲ့ ကျောက်တုံးမြို့တော် မြို့မြောက်ဦးဟာဆိုရင် ထင်ရှားကျော်ကြားလှတဲ့ ကမ္ဘာ့မြို့တော်တွေထဲက မြန်မာနဲ့ရခိုင်ကို လူသိများစေတဲ့ မြို့တစ်မြို့အဖြစ် ဆက်ပြီးရှိလို့နေပါသေးတယ်။

ဒါကြောင့် ကမ္ဘာတဝှမ်းမှာ ထင်ရှားကျော်ကြားလှတဲ့မြို့တွေကို ဗုံးကြဲတိုက်ခိုက်မှုမျိုး ရှောင်ရှားခဲ့ကြသလို ရခိုင်လူမျိုးတို့ရဲ့ နှလုံးသားဖြစ်တဲ့ မြောက်ဦးမြို့ကိုလည်း အန္တရာယ်ဘေးက ချမ်းသာပေးကြဖို့ ရခိုင်ပြည်သူများကိုယ်စား တောင်းဆိုလိုက်ရပါတယ်။

ဗီဒီယိုများ