- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
AA ထိန်းချုပ်ရာ သံတွဲမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ
သံတွဲမြို့ကို AA က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် သံတွဲမြို့တွင် ငါးကြိမ်ထက်မနည်း ဗုံးကြဲခံရမှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၃၁ ဦးထိ ရှိလာသည်။
30 Nov 2024
DMG ၊ နိုဝင်ဘာ ၃၀
အာရက္ခတပ်တော် (AA ) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးမှု မြင့်တက်လာနေသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်း ၈ နာရီခန့်တွင် သံတွဲမြို့ ဘောလုံးကွင်းအနီးနှင့် နံတော်တောင်အနီးကို လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲချခဲ့မှုကြောင့် အနီးအနားမှ အဆောက်အအုံအချို့ ပျက်စီးသွားခဲ့သည်။
“စစ်ကောင်စီက စစ်ဖက်၊အရပ်ဖက်မခွဲခြားဘဲ ပစ်မှတ်ထားတိုက်ခိုက်နေတော့ နေထိုင်ရတာ ဘေးမကင်းဘူး။ လေယာဉ်လာသံကိုပဲ နားစွင့်ပြီးနေနေရတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သံတွဲမြို့ကို အာရက္ခတပ်တော်(AA) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် သံတွဲမြို့တွင် ငါးကြိမ်ထက်မနည်း ဗုံးကြဲခံရမှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၃၁ ဦးထိ ရှိလာသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာ အဆောက်အအုံများကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားသေဆုံးဒဏ်ရာရှိမှုမှာ မြင့်တက်နေခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၀ ရက်ကလည်း သံတွဲမြို့ အံတော်တံတားကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။
အလားတူ စက်တင်ဘာ ၂၆ ရက်က သံတွဲမြို့၊ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်အပါအဝင် ၁၄ ဦး သေဆုံးကာ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
“တိုက်ပွဲဖြစ်တဲ့ နေရာရော၊ တိုက်ပွဲမဖြစ်တဲ့ နေရာရော၊ စစ်ကောင်စီက ဗုံးကြဲချနေတာ။ ပြည်သူတွေကတော့ အမြဲသတိဝိရိယနဲ့ နေဖို့လိုအပ်တယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA) က အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ စိုးရိမ်ကြောင့်ကြစိတ်ဖြင့် နေထိုင်နေရသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှစကာ ယခုအချိန်အထိ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု DMG ကောက်ယူထားသော စာရင်းအရ သိရသည်။