- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ကမ္ဘာတွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ရေး ဆောင်ရွက်နေဟု စစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရေး ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်တွင် ပြောကြားလိုက်သည်။
06 Nov 2024
DMG ၊ နိုဝင်ဘာ ၆
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရေး ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်တွင် ပြောကြားလိုက်သည်။
နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် တရုတ် - မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ သဘာဝကပေးတဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းတွေကို အသုံးချပြီး ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်ရေး ဆောင်ရွက်နေတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေး လိုအပ်ချက်များ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးလုပ်ငန်းနှင့်ပတ်သက်၍ အခွင့်အလင်းကောင်း များစွာရရှိနိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးအချိန်မှစ၍ စီးပွားရေးကျဆင်းမှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍမှာလည်း ဆက်တိုက်ကျဆင်းလာနေပြီး ဒေသတွင်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိနေသည်။
ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “စိုက်ပျိုးရေးအခြေခံဖြစ်တဲ့ စပါးကိုတောင် ကျေးလက်ဒေသတွေမှာ ရာနှုန်းပြည့် မစိုက်နိုင်တဲ့အတွက် တောင်သူတွေ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရဆဲပဲ။ အခုအချိန်မှာဆို ပိုဆိုးတယ်။ နိုင်ငံစိုက်ပျိုးရေးမပြောနဲ့ ပြည်နယ်တစ်ခုရဲ့ စိုက်ပျိုးရေးကိုတောင် တိုးတက်အောင်မလုပ်နိုင်တဲ့ စစ်ခေါင်းဆောင်က ကမ္ဘာမှာ စားနပ်ရိက္ခာ အထုတ်လုပ်နိုင်ဆုံး နိုင်ငံဖြစ်အောင် ပြောနေတာက လေထဲမှာ အိမ်ဆောက်နေတာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံရှိကာ ရင်းနှီးမြှုပ်နှံမှုများအနက် စိုက်ပျိုးရေးကဏ္ဍတွင် ၀ ဒသမ ၄၈ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းတွင် ၁ ဒသမ ၀၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁၀၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။