- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်တွင် စစ်ဘေးရှောင် ၇ သိန်းနီးပါး တိုးလာ
စစ်ဘေးရှောင် ၉၈ ရာခိုင်နှုန်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တကျော့ပြန်ရခိုင်စစ်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုးလာခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။
09 Nov 2024
DMG ၊ နိုဝင်ဘာ ၉
ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၆ သိန်းရှစ်သောင်းအထိ တိုးလာနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။
စစ်ဘေးရှောင် ၉၈ ရာခိုင်နှုန်းမှာ တကျော့ပြန်ရခိုင်တိုက်ပွဲ စတင်သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုးလာခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။
စစ်ဘေးရှောင်တိုးလာမှုနှင့်အတူ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည် စသည့် လိုအပ်ချက်များလည်း မြင့်မားလျက်ရှိပြီး ကူညီထောက်ပံ့မှု နည်းပါးသဖြင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။
“အခြေအနေကတော့ လက်ထဲမှာ ပိုက်ဆံ ၅၀ တန်တစ်ရွက်တောင် မရှိဘူး။ ကျန်းမာရေးကလည်းမကောင်း၊ သွေးပေါင် အမြဲကျနေတယ်။ ဓာတ်ဆားတစ်ထုပ်တောင် ဝယ်မသောက်နိုင်ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိက္ခများကြောင့် ကုန်သွယ်စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်နေခြင်းနှင့်အတူ ရခိုင်ပြည်အတွင်း လာမည့် ၂၀၂၅ နှစ်တွင် အငတ်ဘေးကျရောက်နိုင်ပြီး လက်ရှိတွင် လူဦးရေ ၂ သန်းခန့်မှာ အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတွင်း ကုန်စည်စီးဆင်းမှု ကန့်သတ်ခံထားရခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ငွေကြေးဖောင်းပွခြင်း တို့ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု လျော့ကျခြင်းများ ကြုံတွေ့နေရကြောင်း UNDP က ဆိုသည်။
“အခုနောက်ပိုင်း အာဟာရချို့တဲ့တာ၊ ဆေးဝါးလိုအပ်ချက်တွေကြားမှာ နေမကောင်းဖြစ်ကြတာ ပိုများတယ်။ ပြီးတော့ လူမှုစီးပွားဘဝ ပျက်စီးကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်၊ ပညာရေးတွေ ရပ်ဆိုင်းသွားတော့ အကျိုးဆက်အဖြစ် စိတ်ကျန်းမာရေးတွေ ထိခိုက်တာကို စစ်ရှောင်စခန်းတွေသွားရင်း သတိထားမိတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ပြည်သူများ ယနေ့အထိ ခံစားနေရသည်။
လူမှုကူညီရေးအဖွဲ့များမှာလည်း လမ်းခရီးသွားလာမှု၊ ဖုန်း/အင်တာနက်လိုင်း ပြတ်တောက်နေခြင်းကြောင့် အလှူရှင်နည်းပါးခြင်း၊ ငွေကြေးထုတ်ယူရခက်ခဲမှုတို့ကြောင့် ကူညီရေးလုပ်ငန်းများ နှောင့်နှေးနေရသည်။
ပုဏ္ဏားလူငယ်များအစည်းအရုံး ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က “ကူညီရေးအပိုင်းမှာ အခုနောက်ပိုင်း တော်တော်အခက်အခဲရှိနေပါတယ်။ အလှူငွေရရှိမှု နည်းပါးတာတွေက စစ်ဘေးရှောင်တွေကို ကူညီဖို့ အဆင်မပြေဖြစ်နေတယ်။ အင်တာနက်လိုင်းမရတဲ့အတွက် အလှူခံရတဲ့အပိုင်းမှာလည်း တော်တော်ခက်ခဲတယ်” ဟု ပြောသည်။
နိုင်ငံတဝန်းကျယ်ပြန့်လာနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၆ ဒသမ ၆ သန်းအထိ တိုးလာနေပြီး ရှမ်း၊ ကချင်နှင့် ရခိုင်တွင် အများဆုံးဖြစ်ကာ ထိုပမာဏမှာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း ISP-Myanmar အစီရင်ခံစာက ဖော်ပြထားသည်။