- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် စစ်ကောင်စီထိန်းချုပ်ထားသော မြို့နယ်များအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းပိုက်နေပြီး၊ ရခိုင်မြောက်ပိုင်းရှိ နောက်ဆုံးလက်ကျန် စစ်တွေမြို့ကို ထိုးစစ်ဆင်ရန်အတွက် ဝိုင်းရံပိတ်ဆို့ကာ အင်အားဖြည့်တင်းလျက် ရှိနေသည်။
27 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၇
အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကိုခုခံနိုင်ရေးအတွက် ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထားကြောင်း သတင်းရရှိသည်။
“ရွှေမင်းဂံ၊ ဘင်္ဂလားပင်လယ်၊ သဲခုံရွာ(ပေါက်တော)ဘက်ခြမ်းတွေမှာ ထပ်တိုးချထားတာ။ ဒီနေဗီတွေက ကျောက်ဖြူဘက်က ဆင်းလာတာလို့ သိရတယ်။ ကျနော်သိသလောက်ကတော့ အနည်းဆုံး ငါးစီးရှိတယ်။ အဲဒါထက် ပိုနိုင်တယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါနေဗီများကို ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်အတွင်း တိုးချဲ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့ကို စစ်ရေယာဉ် ၁၀ စီးထက်မနည်းဖြင့် ဝန်းရံနေရာချထားကြောင်း သိရသည်။
တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် စစ်ကောင်စီထိန်းချုပ်ထားသော မြို့နယ်များအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းပိုက်နေပြီး၊ ရခိုင်မြောက်ပိုင်းရှိ နောက်ဆုံးလက်ကျန် စစ်တွေမြို့ကို ထိုးစစ်ဆင်ရန်အတွက် ဝိုင်းရံပိတ်ဆို့ကာ အင်အားဖြည့်တင်းလျက် ရှိနေသည်။
လက်ရှိ စစ်ကောင်စီနှင့် AA တို့ ပုဏ္ဏားကျွန်း - စစ်တွေ မြို့နယ်စပ်တွင် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်။
ဒီဇင်ဘာ ၂၁၊ ၂၂ ရက်နေ့များတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးမှာ ပေါက်တောမြို့ နယ်၊ သဲခုံကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“စစ်တွေအနီးမှာ နေဗီတွေက သွားလာလှုပ်ရှားတာတွေ ရှိနေတော့ AA က လက်နက်ကြီး လှမ်းပစ်တယ်။ အဲဒါကြောင့် စစ်ကောင်စီက ရမ်းသမ်းပစ်တာမှာ သဲခုံရွာကို လာကျတယ်။ အိမ်တွေ တုန်ခါသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ဒီဇင်ဘာ ၂၃ ရက်တွင်လည်း စစ်ကောင်စီသည် စစ်တွေ - ပုဏ္ဏားကျွန်း မြို့နယ်ချင်းစပ် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ ဆင်အင်းကြီး၊ ပဒေသာ (ရွာဟောင်း) နှင့် (ရွာသစ်)မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
“AA ထိုးစစ် အရှိန်မမြှင့်ခင် စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ လုပ်နေတာက သူ့တပ်ဖွဲ့ဝင်တွေ ယုံကြည်လာအောင် လုပ်ပြနေတာ။ ဘာပဲဖြစ်ဖြစ် AA ကတော့ မဟာဗျူဟာမြောက် စစ်ဆင်ရေးကြီး ပြင်ဆင်နေပြီလို့ သိထားတယ်” ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူမြို့ တို့သာ ကျန်ရှိတော့သည်။ စစ်တွေတွင် မကြာမီ တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဆိုပြီး လွန်ခဲ့သည့်ရက်ပိုင်းကစ၍ AA က ဒေသခံများကို ကြိုတင် တိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။