အနွေးထည်နှင့်စောင်များ မရှိဘဲ ဆောင်းရာသီကိုဖြတ်ကျော်ရန် စစ်ဘေးရှောင်များ စိုးထိတ်နေ

ရခိုင်က စစ်ဘေးရှောင်များမှာ ဝါး၊ တာပေါ်လိတ်စများဖြင့် ယာယီတဲများ ဆောက်လုပ်နေထိုင်ကြကာ အချို့မှာလည်း ဘုရားရင်ပြင်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် သမံတလင်းအခင်းပေါ်၌ ကတ်ထူပြား အခင်းများဖြင့် နေထိုင်ကြရသည်။

By Admin 24 Oct 2024

ကြမ်းခင်းပေါ်တွင် နေထိုင်အိပ်စက်နေရသည့် ရခိုင်က စစ်ဘေးရှောင်သက်ကြီးရွယ်အိုတစ်ဦးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
ကြမ်းခင်းပေါ်တွင် နေထိုင်အိပ်စက်နေရသည့် ရခိုင်က စစ်ဘေးရှောင်သက်ကြီးရွယ်အိုတစ်ဦးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၄

ဆောင်းရာသီဝင်ရောက်လာသဖြင့် စစ်ဘေးရှောင်များတွင် အအေးဒဏ်ကိုကာကွယ်ရန် အနွေးထည်နှင့်စောင်များ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များနှင့် လူမှုကူညီရေးလုပ်နေသူများက ပြောသည်။

ရခိုင်က စစ်ဘေးရှောင်များမှာ ဝါး၊ တာပေါ်လိတ်စများဖြင့် ယာယီတဲများ ဆောက်လုပ်နေထိုင်ကြကာ အချို့မှာလည်း ဘုရားရင်ပြင်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် သမံတလင်းအခင်းပေါ်၌ ကတ်ထူပြား အခင်းများဖြင့် နေထိုင်ကြရသည်။

"စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာဆိုရင်လည်း သမံတလင်းတွေမှာ အိပ်ရတာဆိုတော့ အအေးဒဏ်ကို မကာကွယ်နိုင်ဘူး။ သူတို့မှာပါလာတဲ့ စောင်ပါးလေးတွေနဲ့ ခုပြီးတော့ အိပ်နေရတယ်" ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ပြန်ကြားရေးတာဝန်ခံ မအေးမြနန္ဒာမွန်က ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခု နှစ်ကုန်ပိုင်းမှစခဲ့သည့် တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာခဲ့ပြီး ဆက်လက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်အရေအတွက် ဆက်လက်မြင့်တက်လျက်ရှိနေသည်။

စစ်ဘေးရှောင်အများစုမှာ ကိုယ်လွတ်ရုန်းကာ နေရပ်စွန့်ခွာလာရခြင်းဖြစ်၍ ဆောင်းရာသီကို ဖြတ်ကျော်ရန် အနွေးထည်နှင့်စောင်များ လိုအပ်ချက်မှာ မြင့်မားလျက်ရှိနေသည်။

" အခင်းဖျာဆိုလို့ ကတ်ထူပြားတွေပဲ ရှိတယ်။ ကလေးတွေနဲ့ဆိုတော့ အဆင်မပြေဘူး" ဟု ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသူ ဒေါ်ခင်ဌေးဦးက ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့်လည်း စစ်ဘေးရှောင်များမှာ လူသားချင်းစာနာမှုအကူအညီများ ရရှိရန် ခက်ခဲလျက်ရှိနေသည်။

စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ လာမည့်ဆောင်းရာသီတွင် အအေးဒဏ်ကိုကျော်ဖြတ်ရန် စိန်ခေါ်မှုများစွာ ရှိနေကြသည်။

"အသက်ကြီးလာတော့ အအေးဒဏ်ကြောင့် ဖျားနာမှာကိုစိုးရိမ်ရတယ်" ဟု စစ်တွေမြို့မှ စစ်ဘေးရှောင်လာသည့် အသက် (၇၀) အရွယ် ဒေါ်ခင်စိုးဖြူက ပြောသည်။

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီမဲ့နေခြင်းစသည့် အကျပ်အတည်းများကြောင့် ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။