- ဧရာဝတီရောက် နှစ်ထပ်ကွင်းစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
- မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
ဧရာဝတီရောက် နှစ်ထပ်ကွင်းစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
ဧရာဝတီတိုင်း ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့ရောက် ရခိုင်စစ်ဘေးရှောင်များမှာ လက်ရှိ တိုက်ပွဲများကြောင့် ထပ်မံတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးအခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
31 Jan 2025
DMG ၊ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်း ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့ရောက် ရခိုင်စစ်ဘေးရှောင်များမှာ လက်ရှိ တိုက်ပွဲများကြောင့် ထပ်မံတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးအခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
အဆိုပါစစ်ရှောင်များမှာ ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်တို့မှ တိမ်းရှောင်နေသူများဖြစ်ပြီး လတ်တလေတွင် ရွှေသောင်ယံမြို့အနီးထိ တိုက်ပွဲများ ကျယ်ပြန့်လာဖြင့် ထပ်မံတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
"ချောင်းသာမှာနေတုန်းက ဈေးရောင်းခဲ့တယ်။ ဒီကို ထပ်ရှောင်လာရတော့ အလုပ်လည်း မရှိတော့ဘူး။ နှစ်ခါထပ်ရှောင်ရတော့ လမ်းစရိတ်တွေ ဘာညာနဲ့ဆို ရှိတဲ့ငွေလည်း ကုန်ပြီ။ ပြန်ပြီးတော့ အခြေချဖို့လည်း ငွေကြေးမတတ်နိုင်ဘူး" ဟု ရေကြည်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယခင်က ချောင်းသာနှင့် ရွှေသောင်ယံမြို့များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ယခုအခါ ရေကြည်၊ ကျုံပျော်နှင့် ပုသိမ်စသည့် မြို့နယ်များသို့ အဓိကတိမ်းရှောင်နေကြပြီး အိမ်ငှားခ ဈေးတက်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းများကိုလည်း ကြုံနေရကြောင်း သိရသည်။
ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားခမှာ အနည်းဆုံး ငွေကျပ် ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရှိနေသဖြင့် အခြေခံလက်လုပ်လက်စားများမှာ နေထိုင်ရေး အခက်အခဲများရှိနေကြောင်း ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
"ထပ်ရှောင်လာတော့ ဒီမှာ အိမ်ငှားတဲ့သူလည်း များတယ်။ ငှားခတွေလည်း အရင်ထက် ဈေးတက်လာတော့ စားဝတ်နေရေးအတွက် ပိုခက်ခဲလာတယ်။ စားဖို့သောက်ဖို့တောင် ငွေရှာရမလွယ်တဲ့ အခြေအနေမို့ အိမ်ငှားခဈေး တက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး" ဟု ပုသိမ်မြို့ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယင်းစစ်ဘေးရှောင်များကို နိုင်ငံတကာနှင့် အခြားလူမှုအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှု မရှိကြောင်း ဆိုကြသည်။ အခြားတစ်ဖက်တွင်လည်း ဧရာဝတီရောက် စစ်ဘေးရှောင်အချို့ကို အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးမှုများရှိနေသဖြင့် လုံခြုံရေး စိုးရိမ်စရာများလည်းရှိကြောင်း သိရသည်။
အာရက္ခတပ်တော်သည် ဂွမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၉ တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင်လည်း ဧရာဝတီတိုင်းအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ရွှေသောင်ယံအနီး ဘောမိကျေးရွာကို သိမ်းပိုက်ခဲ့ပြီး ရွှေသောင်ယံမြို့တွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်။
ထို့အပြင် ရွှေသောင်ယံမြို့နှင့် ၈ မိုင်ခန့်သာကွာဝေးသည့် ချောင်းသာတွင်လည်း စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်ဖြင့် ခံစစ်ပြင်ဆင်မှုများရှိနေသဖြင့် ဒေသခံသောင်းနဲ့ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။