- ဧရာဝတီရောက် နှစ်ထပ်ကွင်းစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
- မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
စစ်ကောင်စီယာယီတပ်စခန်းချခဲ့သည့် နေရာများ၊ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင် နေရာများတွင် မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ကလေးငယ်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည်။
01 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်တွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် ကလေးသူငယ်များမှာ ထိခိုက်သေဆုံးမှုမှာ ဆက်လက်မြင့်တက်လျက်ရှိနေဆဲဖြစ်သည်။
အထူးသဖြင့် စစ်ကောင်စီယာယီတပ်စခန်းချခဲ့သည့် နေရာများ၊ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင် နေရာများတွင် မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ကလေးငယ်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည်။
ဇန်နဝါရီ ၂၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားရွာမှ အသက် (၇) နှစ်အရွယ် ကုရ်ရှိတ်အာလာမှာ မြေမြှုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်။
အဆိုပါ မြေမြှုပ်မိုင်းမှာ နေအိမ်အောက်တွင် ရှိနေခြင်းဖြစ်ပြီး ကုရ်ရှိတ်အာလာမှာ နေအိမ်ပေါ်မှ အောက်သို့ ဆင်းကာ သွားလာလှုပ်ရှားနေစဉ် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
မိုင်းနင်းမိသွားခဲ့သည့် ကုရ်ရှိတ်အာလာမှာ အရေးပေါ်ဆေးဝါး ကုသမှုခံယူနေစဉ်အတွင်း ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် ဒဏ်ပြင်းထန်သဖြင့် သေဆုံးသွားခဲ့သည်။
" နေအိမ်ထဲမှာပဲ မိုင်းပေါက်ကွဲလို့ ကလေးက ခြေထောက်ပြတ်သွားတယ် ။ ဘင်္ဂလားဒေ့ရှ်ဖက်ကိုသွားပြီး ဆေးကုသမယ်လို့ စီစဉ်နေကြတာ။ ဒဏ်ရာအခြေအနေက ဆိုးတော့ မနေ့ကပဲ ဆုံးသွားတယ်" ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဂုံးနားကျေးရွာသားများမှာ မောင်တောတိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှစ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း ကျေးရွာသားများမှာ ဘေးလွတ်ရာတိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်သားများက ထိုကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြခြင်းဖြစ်ကာ ယခုပေါက်ကွဲသွားသည့် မိုင်းမှာလည်း စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မိုင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
ယခုနှစ် ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ်၊ ကင်းပုံကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်တစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးသွားခဲ့သည်။
လက်ရှိ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA)က မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်သည်။
" မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ ကျမတို့ အဖွဲ့အစည်းကနေပြီး အသိပညာ ဟောပြောပွဲတွေ၊ တောတောင်အနီးက ကျေးရွာကို သွားပြီး မိုင်းအန္တရာယ်ဆိုင်းဘုတ်တွေ ပုံစံအမျိုးမျိုးနဲ့ လုပ်နေတာတွေရှိပါတယ်။ AA ဘက်ကလည်း မိုင်းရှင်းလင်းရေးလုပ်နေတာရှိတယ်။ နေရာတိုင်းကိုတော့ မလုပ်ပေးနိုင်သေးဘူး။ ဒါကြောင့် မိုင်းတွေ၊ စစ်ကျန်လက်နက်တွေက နေရာတိုင်းမှာ ရှိနိုင်သေးတယ်" ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် မိုင်းအန္တရာယ် ရှင်းလင်းရန်အတွက် ငွေကြေး၊ စက်ယန္တရား၊ နည်းပညာအကူအညီများ လိုအပ်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။
တစ်ဖက်တွင်လည်း တောတောင်များအမှီပြု၍ လုပ်ကိုင်စားသောက်နေကြသူများမှာ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသဖြင့် ဝမ်းရေးထိခိုက်မှုများရှိနေသည်။
ရခိုင်ကျေးလက်ဒေသအများစုမှာ တိုက်ပွဲနယ်မြေဖြစ်ပွားခဲ့သဖြင့် ဒေသခံများမှာလည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေကြရသေးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ယခုနှစ်၊ ဇန်နဝါရီလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူ ကလေးငယ်အပါအဝင် ၄ ဦး အထိရှိသည်။