ရခိုင်တွင်ကျန်ရှိနေသော စစ်ကောင်စီဌာနချုပ်များကို ပိတ်ဆို့ထားပြီဟု AA ပြော 

ရခိုင်တွင် သေနတ်သံ လုံးဝ မထွက်ပေါ်သေးသည်မှာ ဂွနှင့် မာန်အောင် မြို့နယ်သာကျန်ပြီး ထိုမြို့နယ်များ၌လည်း ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ စစ်အငွေ့အသက်များ တွေ့မြင်လာရသည်။ 

By Admin 08 Jul 2024

ရခိုင်တွင်ကျန်ရှိနေသော စစ်ကောင်စီဌာနချုပ်များကို ပိတ်ဆို့ထားပြီဟု AA ပြော 

DMG ၊ ဇူလိုင် ၈ 

ရခိုင်ဒေသအတွင်းကျန်ရှိနေသေးသော စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - အမ်း၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် - စကခ (၅) တောင်ကုတ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနှင့် ဓညဝတီရေတပ်ဌာနချုပ် - ကျောက်ဖြူတို့ကို ဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်ကြောင်း AA က ထုတ်ပြန်သည်။ 

ပိတ်ဆို့ထားသည်များထဲမှ စခန်းတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ စခန်းတချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းပိုက်ထားပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) ၏ ဇူလိုင် ၇ ရက်ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ခဲ့သည့် ရခိုင်တိုက်ပွဲမှာ ၇ လကျော်ကြာမြင့်လာပြီး စစ်ကောင်စီတပ်စခန်း အများအပြားနှင့် ရခိုင်မြောက်ပိုင်းမှ မြို့နယ်အားလုံးနီးပါးကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် အနောက်ပိုင်းတိုင်းတည်ရှိရာ အမ်းနှင့် သံတွဲ၊ မောင်တော မြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာလျက်ရှိသည်။ 

“မောင်တောက အေအေလက်ထဲကျလုနီးပါးဖြစ်နေပြီ။ သံတွဲဆိုရင်လည်း စစ်ရေးအသာစီးရနေတယ်။ သံတွဲကို အေအေကသိမ်းနိုင်ခဲ့ရင် တောင်ကုတ်၊ ဂွ၊ မာန်အောင်ကိုတိုက်ခိုက်ဖို့ သိပ်ခက်ခဲတော့မှာမဟုတ်ဘူး။ ကျောက်ဖြူ၊ အမ်း၊ စစ်တွေကတော့ အကြိတ်အနယ်ဖြစ်မယ်။ ဒီမြို့တွေကို အေအေအနေနဲ့ ဘယ်လိုကစားမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်တယ်” ဟု စစ်ရေးလေ့လာသုံးသပ်တစ်ဦးက ပြောသည်။ 

ရခိုင်တပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ရေးအတွက် အကောင်အထည်ဖော်နေသော အာရက္ခတပ်တော်(AA)သည် တောင်ပိုင်းတခွင်လုံးထိ ဖြန့်ကြက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ရခိုင်တွင် သေနတ်သံ လုံးဝ မထွက်ပေါ်သေးသည်မှာ ဂွနှင့် မာန်အောင် မြို့နယ်သာကျန်ပြီး ထိုမြို့နယ်များ၌လည်း ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ စစ်အငွေ့အသက်များ တွေ့မြင်လာရသည်။ 

စစ်ကောင်စီက ကျန်ရှိနေသေးသော မြို့များမကျရှုံးရေး အစွမ်းကုန်ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသောမြို့နယ်များတွင် ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည်။ သို့သော် စစ်ကောင်စီထိန်းချုပ်ဆဲ မြို့နယ်များမှာ AA ၏ ပိတ်ဆို့ဖြတ်တောက်မှုနှင့် ကြုံတွေ့နေကြရသည်။ 

“အေအေက အပျက်အဆီးကိုလျော့ချဖို့ ကြိုးပမ်းနေတာလို့မြင်တယ်။ ဒါကြောင့်လည်း ထိုးဖောက်တိုက်ခိုက်တာ မျိုးမလုပ်ဘဲ တစ်စတစ်စနဲ့ ကျည်မကုန်လက်နက်ကို အသုံးပြုနေတာ။ စစ်တွေဆိုရင် စစ်ကောင်စီအတွက် လေကြောင်းတစ်ခုပဲ အသုံးပြုနိုင်တော့တယ်။ တောင်ကုတ်ဆိုရင်လည်း ရိက္ခာ၊ လူအင်အားမပို့နိုင်အောင် ပန်းတောင်းလမ်းကနေ ပိတ်ထားတယ်။ ရခိုင်စစ်မျက်နှာအတွက် စစ်ကောင်စီက လေကြောင်းကို အဓိက အားထားနေရတဲ့ အခြေအနေပဲရှိတော့တယ်” ဟု ရခိုင်စစ်ရေးလေ့လာသူ နောက်တစ်ဦးက ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲများအတွင်း စစ်ရှုံးစစ်ကောင်စီက မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်မှုတို့ကြောင့် နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ရသည်။