ရခိုင် စစ်ဘေးရှောင်အချို့ အငတ်ဘေးကြုံနေရ

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကိုလည်း စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့ထား၍ စစ်ရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

By Admin 14 Aug 2024

ရခိုင် စစ်ဘေးရှောင်အချို့ အငတ်ဘေးကြုံနေရ

DMG ၊ ဩဂုတ် ၁၄

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် နေရပ်စွန့်ခွာသူဦးရေ တိုးလာနေပြီး မြို့နယ် ၄ ခုက စစ်ဘေးရှောင်အများအပြားမှာ အငတ်ဘေးနှင့် ကြုံနေရကြောင်း သတင်းရရှိသည်။

လမ်းပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့် ကူညီထောက်ပံ့မှုများ မရရှိခြင်းကြောင့် သံတွဲ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များတွင် အငတ်ဘေးနှင့် ကြုံနေရကြောင်း စစ်ဘေးရှောင်များနှင့် ကူညီသူများထံမှ သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦးက “ဆန်ကွဲကိုတောင် ဒီအတိုင်းချက်ပြီး မစားနိုင်တော့ဘူး။ ဆန်ပြုတ်ကြိုသောက်ရတာတွေ ရှိလာပြီ။ ကလေးတွေကလည်း ရှိသေးတော့ သူတို့ ဝမ်းဝဖို့ပဲ စိတ်ထဲထည့်နိုင်တယ်။ ငါးလည်းရှာမရ၊ ဆန်ကလည်း ဈေးတက်ဆိုတော့ ရှေ့ဆက် ဘယ်လိုလုပ်မှ အဆင်ပြေမလဲ မတွေးတတ်တော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှ  စတင်ကာ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ထားသဖြင့် စစ်ရှောင်များမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ခံစားနေကြရသည်။

ထို့အတူ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကိုလည်း စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့ထား၍ စစ်ရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “ဝင်ငွေမရှိတော့ စားဝတ်နေရေး အရမ်းကျပ်တည်းတယ်။ ဘာအလုပ်မှ မလုပ်ရတော့ ဟင်းလည်း ဝယ်မစားနိုင်ဘူး။ ရှာစားလို့ရတဲ့နေ့ ရှာစားတယ်။ မရရင် ထမင်းရည်နဲ့ ထမင်းကို ရောပြီးသောက်ရတယ်” ဟု ဆိုသည်။

ဒေသတွင်း လူမှုကူညီရေးအဖွဲ့များမှာလည်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရန် အသင်းဝင်များကိုယ်တိုင် စစ်ဘေးရှောင်နေရသဖြင့် လူအင်အား မစုစည်းနိုင်ခြင်း၊ ရန်ပုံငွေရှာမရခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မချိတ်ဆက်နိုင်ခြင်း စသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က အလှူရှင်တွေရှိရင် ရသေ့တောင်ထိ သွားပြီး ကူညီပေးတာတွေ ရှိတယ်။ အခုဆိုရင် မိုးစဲကျွန်းဖက်က စစ်ဘေးရှောင်တွေ စားသောက်ရေးခက်ခဲလို့ ဆန်ပြုတ်သောက်နေကြရတယ်လို့ သူတို့ကိုယ်တိုင်ပြောတာ ကြားရတယ်။ ဒါပေမဲ့ စစ်တွေဘက်က လက်နက်ကြီး လှမ်းပစ်တာတွေရှိတော့ လုံခြုံရေးအခြေနေကြောင့် မသွားနိုင်သေးဘူး။ လက်ရှိမှာ စက်သုံးဆီဈေးနှုန်းတွေလည်း တအားတက်နေတော့ သွားရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာလည်း စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက စားနပ်ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်တွေများလာတယ်။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေဆိုရင် ပိုပြီး ဆိုးတယ်။ အာဟာရမပြည့်ဝတဲ့အတွက် ပုံမှန်ထက် ဖွံ့ဖြိုးမှုနောက်ကျလာတယ်။ ရောဂါတွေလည်း အဖြစ်များလာတယ်။ ကျနော်တို့ ကူညီပေးနေပေမယ့် မလုံလောက်တော့ တခြားအဖွဲ့တွေကလည်း ကူညီပေးစေချင်တယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ စစ်ရေးကြောင့် စစ်ဘေးရှောင်သူဦးရေ ငါးသိန်းကျော်အထိရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်မှာ အဆိုးရွား ၏ဆုံးအခြေအနေသို့ ရောက်နေကြောင်း UNOCHA က ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊