စစ်တွေရေတပ်ကို ကာကွယ်ရန် ကမ်းခြေတစ်လျှောက် ခြံစည်းရိုးကာပြီး ခံစစ်ပြင်ဆင်

ရခိုင်တွင် မာန်အောင်မြို့ကလွဲပြီး မြို့နယ် ၁၆ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မောင်တောနှင့် သံတွဲမြို့များမှာလည်း AA လက်ထဲ ကျလုနီးပါးဖြစ်နေပြီး ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည်။ 

By Admin 14 Aug 2024

ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၁၄ 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ရေးနယ်မြေကျယ်ပြန့်လာပြီး၊ ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ကိုလည်း ခြိမ်းခြောက်ထားသဖြင့် စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း တပ်နယ်မြေများလုံခြုံရေးကို အထူးဦးစားပေး လုပ်ဆောင်ကာ ခံစစ်ပြင်ဆင်နေသည်။ 

ရခိုင်တွင် မာန်အောင်မြို့ကလွဲပြီး မြို့နယ် ၁၆ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မောင်တောနှင့် သံတွဲမြို့များမှာလည်း AA လက်ထဲ ကျလုနီးပါးဖြစ်နေပြီး ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည်။ 

စစ်ကောင်စီသည် စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးရှိ ရေတပ်စခန်းကို ကာကွယ်ရန် ကမ်းနားလမ်းတစ်လျှောက်ကို သံဆူးကြိုးဖြင့် ခြံစည်းရိုးကာရံနေကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်တုန်းကတော့ မတွေ့ဘူး။ အခုရက်ပိုင်းမှ စပြီးတွေ့တာပါ။ ခြံစည်းရိုးတိုင်တွေတော့ စိုက်ထူထားပြီ။ ဘာကြောင့် ခြံစည်းရိုးကာနေတာလည်းတော့ မသိဘူး” ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ ရေတပ်စခန်းအအနီးရှိ ကမ်းနားလမ်းနှင့် စစ်တွေဟိုတယ်ဘက်တွင် ဦးဆုံးအနေဖြင့် ခြံစည်းရိုးကာရံရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက စစ်တွေမြို့ အဝင်၊ အထွက်ဖြစ်သော ကုန်းလမ်း၊ ရေလမ်းကို ပိတ်ပင်ခဲ့ပြီး မြို့ပတ်လည်တွင်လည်း မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီးနောက် လက်ရှိမှာ မြို့ပတ်လည်ကို ခြံစည်းရိုးကာရံလာခြင်း ဖြစ်သည်။ 

ခြံစည်းရိုးကာရံခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့တွင်း နေထိုင်သူများကို တစ်စုံတစ်ရာ အသိပေးခြင်းမရှိသော်လည်း AA ၏ ပင်လယ်ပြင်ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားခြင်းဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ 

“ဒါကတော့ ရှင်းပါတယ်။ စစ်ကောင်စီက AA ထိုးစစ်ကို ကြောက်လို့ လုပ်နေတာ။ အဲဒီအနီးအနားမှာ ရေတပ်စခန်း၊ နေဗီတွေလည်း ရှိတော့ ဒါကို ကာကွယ်ဖို့အတွက် လုပ်ဆောင်နေတာလို့ မြင်ပါတယ်” ဟု  ပြောသည်။ 

စစ်ကောင်စီသည် မြို့ပတ်လည်ကို ခြံစည်းရိုးကာရံရန်ပြီး မြို့အဝင်အထွက် အားလုံးကိုပိတ်ပင်ပြီး ဒေသခံများကို ပိတ်လှောင်လာသည့်အတွက် မြို့တွင်းနေဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုအပြင် တိုက်ပွဲဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ 

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “အကုန်လုံးကို ပိတ်ပြီးတော့ လှောင်ထားတာနဲ့တူနေပြီ။ ဒေသခံတွေကို ဒုက္ခရောက်အောင်လုပ်တာ။ ဒေသခံတွေကတော့ ပိုပြီးတော့ ကြောက်လန့်လာကြတယ်။ မြို့ထဲမှာ တစ်ခုခုဖြစ်ရင်တော့ သူတို့(စစ်ကောင်စီ) လုပ်သမျှကို ဒေသခံတွေ ဆိုးရွာစွာ ခံရမယ် ”  ဟု ပြောသည်။ 

စစ်တွေမြို့နေလူထု အများအပြားမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်၍ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလမှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသော်လည်း ကျန်မြို့ခံများမှာ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုနှင့် ငွေကြေးအခက်အခဲတို့ကြောင့် ပိတ်မိနေကြသည်။ 

စစ်ကောင်စီသည် စစ်တွေမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မပြောင်းရွှေ့ကာ ပိတ်လှောင်ထားသည်။ 

စစ်တွေမြို့တွင် ပိတ်မိနေသည့် ဒေသခံများအား စစ်ကောင်စီက အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးနေပြီး၊ စစ်တွေမှတ်ပုံတင်အမှတ် ၁၁/စတန(နိုင်) ကိုင်ဆောင်ထားခြင်း မရှိသည့် ဒေသခံများကိုလည်း ဖမ်းဆီးကာ ငွေညှစ်လျက်ရှိနေသည်။