ရခိုင်တွင်  လေယာဉ်လက်မှတ်ဈေးနှုန်း အဆမတန်မြင့်တက်နေ

စစ်တွေ - ရန်ကုန် လက်မှတ်ဈေးနှုန်းများမှာလည်း အသွားအပြန် ကွာခြားမှုရှိနေသည်။ စစ်တွေကနေ ရန်ကုန် လက်မှတ်တစ်စောင်ကို ငွေကျပ် ၄၉၀,၀၀၀ ကျပ်နှင့် ရန်ကုန်ကနေ စစ်တွေဆိုလျှင် ၂၉၅,၀၀၀ ကျပ် ရှိနေသည်။ 

By Admin 28 Sep 2024

ဓာတ်ပုံ - NP News
ဓာတ်ပုံ - NP News

DMG ၊ စက်တင်ဘာလ ၂၈

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်းရေလမ်းပိတ်ဆို့ကာ လေကြောင်းတစ်ခုသာ ဖွင့်ပေးထားသည်။ ရခိုင်ဒေသသို့ လေကြောင်းလမ်းဖြင့် ဝင်ထွက်သွားနိုင်သည့် လမ်းကြောင်းများမှာ စစ်တွေနှင့် ကျောက်ဖြူ နှစ်ခုတည်းသာ ရှိတော့သည်။

စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ဒေသခံများမှာ ပြည်မသို့ ထွက်ခွာမှုများနေ၍ လေယာဉ်လက်မှတ် ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်။ စစ်အာဏာမသိမ်းမီက စစ်တွေ - ရန်ကုန် လက်မှတ်တစ်စောင်ကို ငွေကျပ်တစ်သိန်းအောက် ဈေးနှုန်းရှိခဲ့ပြီး လက်ရှိမှာ ငွေကျပ် လေးသိန်းကျော်အထိ ဈေးမြင့်တက်နေသည်။ 

စစ်တွေ - ရန်ကုန် လက်မှတ်ဈေးနှုန်းများမှာလည်း အသွားအပြန် ကွာခြားမှုရှိနေသည်။ စစ်တွေကနေ ရန်ကုန် လက်မှတ်တစ်စောင်ကို ငွေကျပ် ၄၉၀,၀၀၀ ကျပ်နှင့် ရန်ကုန်ကနေ စစ်တွေဆိုလျှင် ၂၉၅,၀၀၀ ကျပ် ရှိနေသည်။ 

စစ်တွေမြို့ခံအမျိုးသားတစ်ဦးက “စစ်တွေမှာလည်း အရင်ကထက် စစ်ရေးတင်းမာလာတယ်။ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ထွက်ပေါက်က ဒီလေကြောင်းလမ်းတစ်ခုပဲရှိတယ်။ လေကြောင်းနဲ့ပဲ သွားနေရတော့ လက်မှတ်ဈေးကလည်း အဆမတန်မြင့်တက်နေတာ” ဟု ပြောသည်။

အာဏာမသိမ်းခင်က ရခိုင်ပြည် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင် မြို့များသို့ လေကြောင်းခရီးစဉ်များ ပုံမှန်ပြေးဆွဲခဲ့သော်လည် လက်ရှိတွင် စစ်တွေ - ရန်ကုန်၊ ကျောက်ဖြူ - ရန်ကုန် လေကြောင်းလိုင်း နှစ်ခုတည်းသာ ရှိတော့သည်။

လက်ရှိတွင် ကျောက်ဖြူ - ရန်ကုန် လက်မှတ်များမှာလည်း တစ်စောင်ကို ငွေကျပ် ၄ သိန်း ကျော်အထိ ရှိနေသည်။

လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက “ကုမ္မဏီကလည်း ဈေးနှုန်းတက်တယ်၊။ ပြီးတော့ ရခိုင်ကို သွားတာထက် ရခိုင်ကနေ ပြည်မဘက်ကိုလာတာ ပိုများတယ်။ ဒါတွေကြောင့် ဈေးနှုန်းကွာခြားမှုတွေ ရှိနေတာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ဆို့ထားသဖြင့် ရခိုင်ဒေသခံများမှာ ပြည်မဘက်သို့ လေကြာင်းလိုင်းကို အသုံးပြုကာ စစ်ဘေးရှောင်နေကြသည်။

“တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ထားတော့ တစ်ခုခုလိုချင်လို့ မှာမယ်ဆိုရင် လေကြောင်းကိုပဲ အားကိုးလာရတယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။