- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
ရခိုင်က စစ်ဘေးရှောင်များ ပြည်ပထွက်ခွာမှု မြင့်တက်လာ
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူအညီထောက်ပံ့မှု နည်းပါးလာခြင်းနှင့် မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များလာနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
21 Oct 2023
DMG ၊ အောက်တိုဘာ ၂၁
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူအညီထောက်ပံ့မှု နည်းပါးလာခြင်းနှင့် မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များလာနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
“မိုခါ” မုန်တိုင်းလွန်ပြီးနောက် စစ်ဘေးရှောင်စခန်းမှာ ပြည်ပထွက်ခွာမှု သိသိသာသာ မြင့်တက်လာနေပြီး ပြည်ပထွက်ခွာသူထဲတွင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးအများဆုံး ပါဝင်နေသည်။
ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းဦးရေ တစ်သောင်းကျော်ရှိပြီး လက်ရှိ ပြည်ပထွက်ခွာသူ ၂၀၀ ကျော်မှာ အမျိုးသမီး ၇၀ ရာခိုင်နှုန်းရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။
“အရင်တုန်းကလည်း လတိုင်းသွားလာနေကြတာရှိတယ်။ ဒါပေမယ့် ဒီမုန်တိုင်းနောက်ပိုင်းမှာတော့ မိန်းကလေးတွေ အများစုပါလာတယ်။ ယောကျ်ားတွေက နိုင်ငံခြားမှာဆိုတော့ အမျိုးသမီးတွေကလည်း သွားကြတာဖြစ်တယ်။” ဟု ရသေ့တောင်မြို့မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
လူဦးရေ ၉၃၀ ကျော်ရှိသည့် ကျောက်တော်မြို့၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုနည်းပါးလာသဖြင့် မုန်တိုင်းအလွန် စခန်းမှ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော် ပြည်ပထွက်ခွာသွားကြောင်း သိရသည်။
စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် မသေချာသေးသည့်အချိန်တွင် တစ်နေ့ထက်တစ်နေ့ ကျပ်တည်းလာနေသော စားဝတ်နေရေးပြဿနာနှင့် မိသားစုရှေ့ရေးတို့အတွက် ယခုကဲ့သို့ ပြည်ပထွက်ခွာလာကြခြင်းဖြစ်သည်။
“ဒီနေရာမှာ ကျပ်တည်းလာတဲ့ဒဏ်ကို မခံနိုင်ကြတော့ဘူးလေ။ ဒါကြောင့် ငွေရမယ့်နေရာ၊ မိသားစုရှေ့ရေး အဆင်ပြေမယ့်နေရာကို သွားကြတယ်။ အခုစခန်းမှာဆိုရင် အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ ကလေးတွေလောက်ပဲ ကျန်တော့တယ်” ဟု ကျောက်တော်မြို့၊ မီးရတားဘူတာစစ်ဘေးရှောင်စခန်းက ဦးဦးစိုးသိန်းက ပြောသည်။
ပြည်ပသို့ ထွက်ခွာနိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးကို အတိုးနှင့်ချေးယူကြပြီး တချို့မှာလည်း မိမိဒေသတွင် နေထိုင်စဉ်က ရှာဖွေစုဆောင်ထားသော ပစ္စည်းဥစ္စာများကို ထုခွဲရောင်းချကာ သွားရောက်နေကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ကျောက်တော်မြို့၊ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းတွင် ခုံလှုံနေသည့် ဒေါ်ခိုင်သန်းရီက မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးနှင့် သားသမီးအနာဂတ် ကောင်းမွန်ရန်အတွက် နိုင်ငံခြားထွက်ခွာမည်ဟု ပြောသည်။
“တစ်နေ့တစ်နေ့လာရင် ဘယ်သူတွေကလာ ထောက်ပံ့မလဲလို့ မျှော်နေရတယ်။ ဒီမှာနေရင် ဒုံရင်းကဒုံရင်းပဲဖြစ်မှာ။ သားသမီးတွေရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ပိုက်ဆံလိုလာတယ်။ ဒီမှာနေရင် အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။” ဟု ဒေါ်ခိုင်သန်းရီက ပြောသည်။
စစ်ဘေးရှောင်များမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာထောက်ပံ့မှု အကူအညီ နည်းပါးလာနေပြီး စစ်ကောင်စီထံမှလည်း အကူအညီမရရှိသဖြင့် လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၃၀,၀၀၀ နှင့်သာ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။
စစ်ကောင်စီက စစ်ဘေးရှောင်များအားကူညီပေးမှု နည်းပါးနေသည့်အပြင် နိုင်ငံတကာနှင့် လူမှုကူညီရေး အဖွဲ့အစည်းများကိုလည်း ကန့်သတ်ထားသဖြင့် ပိုမို၍အခက်ကြုံလာရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုကြသည်။
“ဒီအခြေနေမှာ စစ်ဘေးရှောင်တွေမှာ ရုန်းကန်ရ အများကြီးခက်ခဲလာတယ်။ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ မရှိရင်တော့ (ပြည်ပနိုင်ငံတွေ) သွားမြဲသွားနေကြမှာပါ။” ဟု ရခိုင်က စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ ဦးဇော်ဇော်ထွန်းက ပြောသည်။
ရခိုင်ပြည်တွင် ဆင်းရဲမွဲတေမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ဒေသခံများမှာ လူမှုစီးပွားဘဝတိုးတက်ရန် ပြည်ပထွက်ခွာသူဦးရေ တစ်နှစ်ထက်တစ်ထက် တိုးလာနေပြီး လူ့အရင်းအမြစ်များဆုံး ရှုံးနေရသည်။
စစ်ဘေးရှောင်များမှာ နေရပ်သို့ပြန်မည်ဆိုလျှင် လုံခြုံရေးအာမခံချက်၊ မိုင်းအန္တရာယ်၊ တစ်သက်တာ ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများမှာလည်း ဆုံးရှုံးသွားပြီဖြစ်၍ လူမှုဘဝရပ်တည်ရေးမှာ စိန်ခေါ်များ ရှိနေသည်။
စစ်ကောင်စီအနေဖြင့် ယခုကာလတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ဦးစားပေး လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုထားကြသည်။
“စစ်ဘေးရှောင်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ ဘက်ကလည်း ထောက်ပံ့မှု လျော့နည်းတာကို မြင်တွေ့နေရတယ်။ လက်နက်ကိုင်တွေအနေနဲ့လည်း ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲထားတဲ့ကာလ ဖြစ်တယ်ဆိုတော့ သူတို့(စစ်ဘေးရှောင်)ရဲ့ နေထိုင်စားသောက်ရေးကို လျစ်လျူရှုထားတာမျိုး မဖြစ်စေချင်ဘူး။” ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ စစ်ဘေးရှောင်အဖြစ်နှင့် နေထိုင်နေကြရသည်မှာ လက်ရှိတွင် ၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။