သံတွဲနှင့် စစ်တွေတွင် အုပ်စုဖွဲ့ပြီး နေအိမ်ဖောက်ထွင်းမှု များလာ
ခိုးယူဖောက်ထွင်းသူများသည် ညအချိန်များတွင် အုပ်စုဖွဲ့သွားလာနေသော်လည်း ထိုသို့လုပ်ဆောင်နေမှုများကို မကြာခဏ ဧည့်စာရင်းစစ်ဆေးကာ မြို့တွင်းလုံခြုံရေးကင်းလှည့်နေသော စစ်ကောင်စီက မသိဟန်ဆောင်ထားသည်။
12 Jul 2024
DMG ၊ ဇူလိုင် ၁၂
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့နှင့် သံတွဲမြို့တွင် လူမရှိသည့်နေအိမ်များကို ခိုးယူဖောက်ထွင်းမှု များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလကစတင်သည့် သံတွဲတိုက်ပွဲများမှာ သုံးလခန့်ကြာမြင့်လာပြီး သံတွဲလေဆိပ်၊ ခမရ(၅၆၆)၊ ခလရ(၅၅) တပ်ရင်းများကို AA က သိမ်းပိုက်ထားသည်။
စစ်ကောင်စီတပ်သားများမှာ မြို့ထဲနှင့် မြို့အနီးဝန်းကျင်များတွင် ကျန်ရှိနေသေးသည်ဖြစ်၍ သံတွဲမြို့တစ်ခုလုံးအား သိမ်းပိုက်ရရှိရန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။
တိုက်ပွဲများနှင့်အတူ သံတွဲမြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြချိန် နေအိမ်များကိုဖောက်ထွင်းပြီး အိုးခွက်၊ အဝတ်အထည်၊ မီးစက်၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်၊ စက်ဘီး စသည့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေကြကြောင်း မြို့တွင်းနေထိုင်သူများက ပြောသည်။
သံတွဲမြို့ထဲတွင် ပိတ်မိနေသူတစ်ဦးက “စစ်ဘေးရှောင်ဖို့သွားတာဆိုတော့ ဘယ်သူမှ အထုပ်တွေတစ်ပြုံကြီး သယ်မသွားနိုင်ဘူး။ အကုန်ထားခဲ့ရတော့ ဘယ်နားကအိမ်မှာ ဘယ်ပစ္စည်းတွေယူလို့ရမလဲ ချောင်းနေကြတာ။ တခါတလေ နှစ်ယောက်၊ တခါတလေ အုပ်စုလိုက်ပါတယ်။ လာယူနေတာကို မြင်ပေမယ့် ကိုယ်ဝင်ပြောရင် ကိုယ့်ကိုရန်ရှာမှာလည်း ကြောက်ရတော့ ဒီတိုင်းပဲကြည့်နေလိုက်ရတယ်” ဟု ပြောသည်။
အလားတူ စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း နေအိမ်၊ ဈေးဆိုင်ခန်းများကို ဖောက်ထွင်း၊ ခိုးယူ၊ ဖျက်စီးခြင်းများ ရှိနေသည်။
စစ်တွေမြို့ခံအများစုမှာ စစ်ရေးစိုးရိမ်ချက်ကြောင့် ဧပြီလမှစ၍ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်နေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မြို့အတွင်း၌ ကျန်နေသူများလည်း ရှိနေသည်။
မင်းဗာကြီးလမ်းရှိ အဝတ်ဆိုင်ပိုင်ရှင်တစ်ဦးက “ဆိုင်ကအဝတ်တွေကို ဖောက်ပြီးတော့ အကုန်လုံးယူသွားတာ။ ဆိုင်ကမှန်တွေကိုလည်း အကုန်လုံးဖျက်ဆီးသွားတယ်။ ငွေလည်း သိန်း ၂၀ လောက်ပါသွားတယ်။ ဘေးနားလူတွေ ပြောတာကတော့ အုပ်စုလိုက်လာပြီးတော့ ဖောက်သွားတာလို့ ပြောတယ်” ဟု ပြောသည်။
ခိုးယူဖောက်ထွင်းသူများသည် ညအချိန်များတွင် အုပ်စုဖွဲ့သွားလာနေသော်လည်း ထိုသို့လုပ်ဆောင်နေမှုများကို မကြာခဏ ဧည့်စာရင်းစစ်ဆေးကာ လုံခြုံရေးကင်းလှည့်နေသော စစ်ကောင်စီက မသိဟန်ဆောင်ထားသည်။
“ကျမအိမ်ဘေးက အိမ်တချို့ကို အကုန်လုံးဖြိုဖျက်ပြီး ယူသွားတယ်။ ဘေးအိမ်ကိုလာဖြိုနေလို့ သွားတားတာကို ဓားနဲ့ခုတ်ဖို့လုပ်လို့ ကျမတို့လည်း ဆက်မတားရဲတော့ဘူး” ဟု *** ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် စစ်တွေမြို့ကို ခံစစ်အခိုင်အမာ ပြုလုပ်ထားသည်။
ယင်းအပြင် ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံများကို နှင်ထုတ်ပြီး တပ်စွဲအခြေနေထိုင်ကာ နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း မျက်မြင်ဒေသခံများက ပြောကြသည်။