ရမ်းဗြဲက မြေနေရာအငြင်းပွားမှုဖြစ်စဉ် ဒေသခံနှစ်ဦးကို ရဲဖမ်းဆီး

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ရပ်ကွက်(၃)မှ သံယောစဉ် ထမင်းဆိုင်ပိုင်ရှင်နှင့် ဒေသခံတစ်ဦးမှာ ဆောက်လုပ်‌ရေးပိုင်မြေနေရာတွင် နေထိုင်သည်ဟုဆိုကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသည်။

By Admin 03 Jul 2023

သံယောစဉ်ထမင်းဆိုင်အား ဖြိုဖျက်ရန်ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
သံယောစဉ်ထမင်းဆိုင်အား ဖြိုဖျက်ရန်ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဇူလိုင် ၃

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ရပ်ကွက်(၃)မှ သံယောစဉ် ထမင်းဆိုင်ပိုင်ရှင်နှင့် ဒေသခံတစ်ဦးမှာ ဆောက်လုပ်‌ရေးပိုင်မြေနေရာတွင် နေထိုင်သည်ဟုဆိုကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ သံယောစဉ် ထမင်းဆိုင်ပိုင်ရှင် ဦးအောင်လွင်နှင့် ဦးမောင်ပွားတို့ ဖြစ်ကြသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအပါအဝင် အင်အား ၅၀ ခန့်က သံယောစဉ်ထမင်းဆိုင်သို့ လာရောက်ကာ တစ်စုံတစ်ရာ ကြိုတင်အသိမပေးဘဲ ဘတ်ဟိုးတစ်စီးဖြင့် ဖြိုဖျက်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ထမင်းဆိုင်ပိုင်ရှင် ဦးအောင်လွင်နှင့် ဆိုင်ဖြိုဖျက်သည်ကို ကြားဝင်တားမြစ်ခဲ့သူ ဦးမောင်ပွားတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်လွင်၏ ဇနီး ဒေါ်မထွေးက ပြောသည်။

“ဒီနေ့မနက်က ရဲတွေလာပြီးတော့ ဒီမြေဟာ ဆောင်လုပ်ရေးကပိုင်တဲ့ မြေဆိုပြီးတော့ ဖယ်ဖို့ခိုင်းတယ်။ ကျမ အိမ်ရှင်က ဒီနေရာမှာနေလာတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ။ ဒီနေရာက စည်ပင်ကပိုင်တာ။ မဖယ်ပေးဘူးဆိုပြီးတော့ စကားအချေအတင် များကြတယ်။ ကိုမောင်ပွားကလည်း ဝင်ပြောတော့ သူကိုပါ ဖမ်းသွားတယ်”ဟု ဒေါ်မထွေးက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူနှစ်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း မိသားစုဝင်များကပြောသည်။

အဆိုပါ အငြင်းပွားမှုဖြစ်ပွားခဲ့သည့် မြေနေရာမှာ ယခင်က ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်များ နေထိုင်ခဲ့ပြီး ဆောက်လုပ်ရေးဌာနက ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း ဒေသခံများကပြောသည်။

ရမ်းဗြဲမြို့မှ ရပ်မိရပ်ဖ ဦးကံကောင်း “ထောက်လှမ်းရေး ရဲတွေကို သူတို့က ထမင်းရောင်းပြီးတော့ နေခဲ့တာ။ အခုလည်း ထမင်းဆိုင်ဖွင့်ထားတယ်။ အဲဒီမြေက ရပ်ကွက်ကနေပိုင်တာ။ ဆောက်လုပ်ရေးက ပိုင်တာမဟုတ်ဘူး။ သူတို့(ဆောက်လုပ်ရေး)က သက်သက်မဲ့ အင်အားသုံးပြီးတော့သိမ်းတာ”ဟု ပြောသည်။

သံယောစဉ်ထမင်းဆိုင် ဖြိုဖျက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ် ရဲစခန်းနှင့် ဆောက်လုပ်ရေးဌာန တာဝန်ရှိသူများထံ DMG မှ ဆက်သွယ်ရန်ကြိုးပမ်းခဲ့‌သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

#R007