ရခိုင်မှာ ဆီးလမ်းကြောင်းပိုးဝင်မှု ဖြစ်ပွားခြင်းများ စိုးရိမ်စရာဖြစ်နေ

တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ကျန်းမာရေးအသိပညာ နည်းပါးခြင်းတို့ကြောင့် ဆီးလမ်းကြောင်းကိုပိုးဝင်မှု အဖြစ်များလာနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

By Admin 02 Oct 2024

ဓာတ်ပုံ - Hello ဆရာဝန် 
ဓာတ်ပုံ - Hello ဆရာဝန် 

DMG ၊ အောက်တိုဘာ ၂ 

ယခုနှစ်တွင် ရခိုင်ပြည်တွင်း ဒေသခံများမှာ ဆီးလမ်းကြောင်းကို ပိုးဝင်ခြင်းအဖြစ်များလာနေပြီး ဆေးကုသရေးတွင် အခက်အခဲရှိနေသဖြင့် စိုးရိမ်စရာအခြေအနေ ဖြစ်လာကြောင်း သိရသည်။

တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ကျန်းမာရေးအသိပညာ နည်းပါးခြင်းတို့ကြောင့် ဆီးလမ်းကြောင်းကိုပိုးဝင်မှု အဖြစ်များလာနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

“ကျမခင်ပွန်းမှာ ဆီးလမ်းကြောင်းကို ပိုးဝင်တာ ဂရုမစိုက်မိဘဲ ထားရာကနေ အချိန်ကြာလာတော့မှ ဆေးခန်းသွားပြတာ။ ဆေးခန်းက ခွဲစိပ်ရမယ်လို့ ပြောတယ်။ နည်းနည်းလေးဖြစ်ကတည်းက ဂရုမစိုက်လိုက်တော့ အခု အများကြီးဖြစ်သွားတာ” ဟု ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါလူနာအား ရခိုင်တွင် ကုသရန် အဆင်မပြေ၍ ရန်ကုန်သို့ သွားရောက်ကုသရမည်ဟု ဆရာဝန်က အကြံပြုကြောင်း သိရသည်။ 

ဆီးလမ်းကြောင်းကို ပိုးဝင်ခြင်းသည် ကျား/မ မရွေး ဖြစ်တတ်သော်လည်း အမျိုးသမီးများမှာ ဆီးဆုံအင်္ဂါလမ်းကြောင်း တို၍ အမျိုးသားများထက် အဖြစ်များသည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းက ပြောသည်။ 

နာတာရှည်သမား၊ အဝလွန်ခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အမျိုးသားနှင့် အမျိုးသမီး အကာအကွယ် မဲ့ လိင်ဆက်ဆံခြင်းတို့မှ ဆီးလမ်းကြောင်းကို ပိုးဝင်ရောက်နိုင်ကြောင်းလည်း သိရသည်။ 

စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “သိပ်မပြင်းတော့ ဆေးခန်းမပြဖြစ်ဘူး‌။ ရေနွေးနဲ့ မကြာမကြာသန့်စင်တယ်။ ဆေးလည်း ဝယ်မသောက်ဘူး။ ရွာမှာ တခြားလူတွေလည်း ဒီလိုပဲ။ ဆေးခန်းမပြဘဲ ကောင်းသွားကြတယ်” ဟု ပြောသည်။ 

ဆီးလမ်းကြောင်းကို ပိုးဝင်လျှင် ဆီးနာခြင်း၊ ကျဉ်တတ်ခြင်း၊ အင်္ဂါစပ်များ ယားယံခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်တတ်ကြောင်း ဆရာဝန်များက ပြောသည်။ 

ယင်းအပြင် ရခိုင်ပြည်အတွင်း ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်သူများအနေဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရန် အခက်အခဲရှိလျှင် အိမ်တွင်းကုထုံးနည်းများဖြစ်သည့် အချိုများသော အစားအသောက်ကို ရှောင်ခြင်း၊ အပူအစပ်မျာ သည့် အစားသောက်ကို ရှောင်ခြင်း၊ ဆေးလိပ်၊ အရက်၊ ကွမ်းကို ရှောင်ခြင်းအပြင် ရေများများ သောက်ပေးခြင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်းအားဖြင့် ကုသနိုင်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

“နယ်ဘက်တွေမှာတော့ အဖြစ်များကြတယ်။ ဒါပေမယ့် ဒီဟာက ရောဂါကြီးမဟုတ်တော့ ဆေးရုံ၊ ဆေးခန်းကို လာမပြကြဘူး။ ရွာမှာ ဆေးဝယ်သောက်လိုက်ရုံနဲ့ အဆင်ပြေတယ်။ ရေများများသောက်ပေးရင်လည်း အဆင်ပြေတယ်” ဟု ရခိုင်မှ ဆရာဝန်တစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ရေးကာလအတွင်း ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အကျပ်အတည်း များစွာဖြင့် ကြုံတွေ့နေကြရသဖြင့် ဆေးဝါးပြတ်လပ်ရှားပါးမှုများကြောင့် ဆေးကုသရေးအပိုင်းတွင် အခက်ခဲရှိနေကြောင်း သိရသည်။